
စက်တင်ဘာ ၈ ၊ နေဝင်းစံ
ကျောက်ဖြူမြို့နယ် မြဒေးကျွန်းမြစ်ရေပြင်တွင် ရေထုညစ်ညမ်းမှုဖြစ်ပွားနေသည့်ကိစ္စနှင့် ပြည်နယ်အစိုးရမှ ဆောင်ရွက်နေမှုများအားမေးမြန်းရာတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဦးအောင်ကျော်ဇံမှ အမှန် တကယ်ပင်လယ်ပြင်တွင် ရေထုညစ်ညမ်းမှုဖြစ်ခဲ့မည်ဆိုပါက သက်ဆိုင်ရာအစိုးရမှ သည်အတိုင်းအိပ်နေမှာ မဟုတ်ကြောင်း ပြောကြားလိုက်သည်။
ပြည်နယ်အစိုးရအဖွဲ့မှ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက “တကယ် လို့သာ ပင်လယ်ပြင်မှာဖြစ်ခဲ့မယ်ဆိုလို့ရှိရင် ဒါဟာရခိုင်အရေးကိုမဟုတ်တော့ဘူး၊ တစ်နိုင်ငံလုံးရဲ့ အရေးထိ အောင်ကိုဖြစ်တဲ့အတွက်ကြောင့် သက်ဆိုင်ရာအစိုးရကလည်း ဒီအတိုင်းအိပ်နေမှာမဟုတ်ဘူး။ အရေးတယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ် ” ဟု သတင်းထောက်များကို ပြောသည်။
မြဒေးကျွန်းမြစ်ရေပြင်တွင် ၂ မိုင်ခန့်အကျယ်ရှိသော ညစ်ညမ်းနေသည့်ရေများကို ဒေသခံရေလုပ်သားများမှ သြဂုတ်လဆန်းပိုင်းတွင်တွေ့ရှိခဲ့ကြပြီး စိုးရိမ်မှုများ၊ ဝေဖန်မှုများ ရှိခဲ့ကြသည်။
မြဒေးကျွန်းမြစ်ရေညစ်ညမ်းမှုအား ဓါတ်ခွဲစမ်းသပ်ရာမှထွက်ရှိလာသည့်အဖြေတွင် ရေနံအငွေ့အရောင် မတွေ့ရကြောင်းကို ပြည်နယ်အစိုးရအဖွဲ့မှ သြဂုတ်လ ၇ ရက်နေ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်း အဝေးတွင်တင်ပြခဲ့သည်။
၎င်းညစ်ညမ်းရေအား စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဓါတ်ခွဲစမ်းသပ်မှုရလဒ်တွင် သတ်မှတ် စံနှုန်းထက် ခဲဓါတ် ၁၀ ဆ၊ ဗီနောဓါတ် ၂၆ ဆ များနေတာတွေ့ရှိရကြောင်း သြဂုတ်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တာဝန်ယူရမည်ဖြစ်ကြောင်းနှင့် အစိုးရထံတွင် ဝံ့ရဲစွာချပြနိုင်ရမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး ဦးအောင်ကျော်ဇံမှ ပြောသည်။
ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံက “ပြင်ပဓါတ်ခွဲခန်းကထုတ်ပြန်တာဟာ မိမိအဖြေအပေါ်မှာတာဝန်ယူရမယ်။ အဲဒီလိုတာဝန်ယူပြီဆိုရင် သူတို့က အစိုးရကို အသေးစိတ်အချက်အလက်တွေနဲ့ ချပြပေးရမယ်။ ဒေတာ အချက်အလက်ကို သူဝံ့ဝံ့ရဲရဲ အစိုးရဆီတင်ပြနိုင်စွမ်းရှိရမယ်” ဟု ပြောသည်။
အမ်းမြို့နယ်အတွင်းတွင်လည်း ထိုကဲ့သို့မြစ်ရေညစ်ညမ်းမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများ၏ပြောဆိုချက် အရ အမ်းမြို့နယ်ပိုက်လိုင်းရေးရာစောင့်ကြည့်လှုပ်ရှားရေးအဖွဲ့မှ ကွင်းဆင်းစိစစ်မှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
၎င်းအဖွဲ့မှ ညစ်ညမ်းရေများဖြစ်ပေါ်ခဲ့သည့် ကျောက်ဖြူမြို့နယ်နှင့် အမ်းမြို့နယ်အတွင်းမှ မြစ်ကြောင်း တစ်လျှောက်ကျေးရွာများသို့သွားရောက်စိစစ်ခဲ့ရာတွင် အများအားဖြင့် ငါးရရှိမှုနည်းပါးသွားခြင်း၊ ရေလုပ်သား အချို့၏ကိုယ်ပေါ်တွင် အနာကွက်များဖြစ်ပေါ်နေသည်ကိုတွေ့ရှိခဲ့ရကြောင်း ပြောသည်။




