ဇော်ဇော်(မြောက်ဦး) / DMG
ဇူလိုင် ၁ ရက်၊ ၂၀၁၈ ။ ။ ပညာရေးဝန်ကြီးဌာနအောက်တွင် နေ့စားလပေးအဖြစ်နှင့် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအားလုံးကို အမြဲတမ်းဝန်ထမ်းများအဖြစ်ခန့်ပေးရန် ရခိုင်ပြည်နယ်ရှိ နေ့စားရုံးဝန်ထမ်းများက တောင်းဆိုနေကြသည်။
ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်နေသော နေ့စားလပေး ရုံးဝန်ထမ်းများမှာ ၂ နှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်သော်လည်း ယနေ့အချိန်ထိ တရားဝင်အလုပ်မခန့်သေးကြောင်း မြောက်ဦးမြို့နယ် ပညာရေးမှူးရုံးမှ နေ့စားဝန်ထမ်းတစ်ဦးက ပြောသည်။
“ ပညာရေးဌာနအနေနဲ့ ဝန်ထမ်းတွေကို နေ့စားလပေးအဖြစ်နဲ့ ၆ လပဲ ခန့်ဖို့ မူရှိတယ်။ ၆ လကျော်ရင် တရားဝင်ခန့်ပေးရမယ်။ မခန့်ချင်ဘူးဆိုရင် အလုပ်ထုတ်ပစ်ရမယ်။ ဒါပေမဲ့ ၂ နှစ်နီးပါးရှိနေပြီ။ တရားဝင် အလုပ်မခန့်သေးဘူး။ အလုပ်လည်း မထုတ်ဘူး။ သူတို့ကြည့်ရတာ အလုပ်ထုတ်ပစ်ရင် ပြန်ခေါ်ဖို့၊ ပြန်ခန့်ဖို့ အလုပ်ရှူတ်လို့ထင်တယ်။ ဒါဆို နေ့စားလပေး ရုံးဝန်ထမ်းတွေကို တရားဝင်အလုပ်ခန့်လိုက်ရင် ပြီးနေပြီ။ ” ဟု ပြောသည်။
စနေ၊ တနင်္ဂနွေ နေ့တွက်မရရှိဘဲ တစ်လ ငွေကျပ် ၁ဝဝ၈ဝဝ နှင့် နေ့စားလပေးအဖြစ် တစ်နှစ်ကျော်သည်အထိ တာဝန်ထမ်းဆောင်ခဲ့သော်လည်း အမြဲတမ်းဝန်ထမ်းမဖြစ်သည့်အတွက် အလုပ်ထွက်သွားသူများရှိကြောင်း မင်းပြားမြို့နယ် ပညာရေးမှူးရုံးမှ ရုံးဝန်ထမ်းတစ်ဦးက ပြောသည်။
“ မစောင့်နိုင်တဲ့ သူတွေ အလုပ်ထွက်သွားကြတယ်။ မြို့နယ်၊ ပြည်နယ်ကလည်း စာရင်းသာ ကောက်ယူသွားတယ်။ တရားဝင်ခန့်တဲ့ အော်ဒါက ထွက်မလာဘူး။ ကျမက လစာထက် တရားဝင်အလုပ်ခန့်ပါတယ်ဆိုတာကို လိုချင်တာပါ။ ” ဟု ပြောသည်။
ပညာရေးဌာနအပါအဝင် အစိုးရအဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်အားခ အလုပ်ချိန် တစ်နေ့ (၈) နာရီအတွက် ငွေကျပ် ၃၆ဝဝ ကို ယခင်က သတ်မှတ်ခဲ့သော်လည်း ယခုနှစ် ဇွန်လ ၂၇ ရက်နေ့က ပြည်ထောင်စုအစိုးရအဖွဲ့၏ တည်ပြုချက်ဖြင့် မြန်မာတနိုင်ငံလုံးရှိ အလုပ်သမားများအတွက် တစ်နေ့ ငွေကျပ် ၄၈ဝဝ ကို မေလမှစ၍သတ်မှတ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ် ပညာရေးဌာနအောက်ရှိ နေ့စားရုံးဝန်ထမ်းများ အမြဲတမ်းဝန်ထမ်းခန့်ရန် ပြည်နယ်ပညာရေးမှူးက အဆင့်ဆင့် တက်ပြထားသော်လည်း ပြည်ထောင်စုဝန်ကြီး၏ ခွင့်ပြုချက်မကျသဖြင့် ယနေ့အချိန်ထိ တရားဝင်အလုပ်မခန့်နိုင်သေးကြောင်း ၄င်းက ပြောသည်။
ပြည်နယ်ပညာရေးမှူးရုံးအပါအဝင် ရခိုင်တပြည်နယ်လုံးရှိ ပညာရေးဌာနအားလုံးတွင် နေ့စားရုံးဝန်ထမ်းများနှင့် အလုပ်သမားများ စုစုပေါင်း ၃ဝဝ ကျော်ရှိပြီး မြန်မာတစ်နိုင်ငံလုံး ပညာရေးဌာနတွင် နေ့စားလုပ်သား ၄ဝ၂၂ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ နေ့စားလုပ်သားများကို အမြဲတမ်းဝန်ထမ်းခန့်ရန် ပဲခူးတိုင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က လွှတ်တော်တွင် တောင်းဆိုသော်လည်း ပညာရေးဝန်ကြီးဌာနတွင် မူရေးဆွဲအတည်ပြုပြီးပါက မူနှင့်အညီ ခန့်ထားပေးနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဝင်းမော်ထွန်းက ပြောသည်။




