
(စစ်တွေမြို့၏ ရပ်ကွက်တစ်ခုမှ ကလေးငယ်များအား တွေ့ရစဉ်။ ဓါတ်ပုံ - DMG)
ဇွန်လ ၁၀ ရက်၊ ၂၀၁၇ ခုနှစ်၊ ရန်ကုန် (DMG) ။ ။ ရန်ကုန်တွင် ကျင်းပပြုလုပ်မည့် ပြည်တွင်းပြည်ပ ရုပ်ရှင်ကား ၆၀ ကျော်ပြသည်မည့်ပွဲတွင် ရခိုင်ဒေသက ပဋိပက္ခဒဏ်ခံ လူငယ်များအကြောင်း ရိုက်ကူးထားသည့် စစ်တွေအမည်ရ မှတ်တမ်းရုပ်ရှင်ကို ပြသရန် အစိုးရထံမှ ခွင့်ပြုချက်မရရှိခဲ့ကြောင်း AFP သတင်းအရ သိရသည်။
အဆိုပါ စစ်တွေ အမည်ရှိ ရုပ်ရှင်ကားသည် ၁၈ မိနစ်ကြာမြင့်ပြီး စစ်တွေမြို့နယ်အတွင်းရှိ ၂၀၁၂ အခုနှစ် အရေးအခင်းကြောင့် နောက်ဆက်တွဲ အကျိုးများရိုက်ခတ်မှုရှိသည့် လူငယ်များအပေါ် မှတ်တမ်းတင်ထားခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးဘက်ကို ဦးတည်ပြီး ရိုက်ကူးထားခြင်းဖြစ်ကြောင်း ရိုက်ကူးသူ ဒါရိုက်တာ ဂျင်းနန်ဟဲလက်စီ (Jeanne Hallacy) က ပြောသည်။
“ ငြိမ်းချမ်းရေးကို တည်ဆောက်မယ့်ရုပ်ရှင်ကားပါ၊ ဆွေးနွေးမှု၊ ဖန်တီးမှုတွေကို ရည်ရွယ်ထားတာပါ။ ” ဟု ဆိုသည်။
စစ်တွေအမည်ရှိ ရုပ်ရှင်ကားအား ပြသခွင့်မရခြင်းနှင့် ပတ်သက်ပြီး လူအခွင့်ရေး ရုပ်ရှင်ပွဲတော်ကို တည်ထောင်သူ မင်းထင်ကိုကိုကြီးက စိစစ်ရေးအဖွဲ့မှ ဘာသာရေး၊ လူမျိုးရေးကို ပဋိပက္ခဖြစ်စေနိုင်သည်ဟုဆိုပြီး ပြသခွင့်မပြုခြင်းဖြစ်ကြောင်း ဆိုသည်။
“ ဒီရုပ်ရှင်က ဘာသာရေး၊ ယဉ်ကျေးမှုရေးရာတွေ ပါဝင်နေတဲ့အတွက် အများပြည်သူအတွက် ပြသလို့မရဘူးလို့ပြောပါတယ်။ ကျွန်တော်တို့ ကြည့်သလောက်တော့ ဘာသာတရားနဲ့ ပတ်သက်ပြီး ပဋိပက္ခဖြစ်စေနိုင်တဲ့ အကြောင်းရာတွေကိုလည်း မတွေ့မိပါဘူး။ ” ဟု မင်းထင်ကိုကိုကြီးက ဆိုသည်။
လူ့အခွင့်ရေးရုပ်ရှင်ပွဲတော်သည် အစိုးရသစ်လက်ထက်မတိုင်မီ ကျင်းပခဲ့သည့် သုံးနှစ်တာကာလအတွင်း ပိတ်ပင်ခံရသော ကားများမရှိခဲ့သော်လည်း အစိုးရသစ်လက်ထက် ၂၀၁၆ ခုနှစ်ပွဲတော်၌လည်း ပြသရန်ခွင့်မပြုပေးသည့် ကားများရှိခဲ့ပြီး ယခုနှစ်တွင်လည်း စစ်တွေ အမည်ရ မှတ်တမ်းရုပ်ရှင်ကား ထပ်မံပိတ်ပင်ခံရခြင်းဖြစ်ကြောင်း သိရသည်။




