(ရက္ခိုင့်တပ်မတော် (AA) ၏ ဌာနချုပ်အား တွေ့ရစဉ်။ ဓါတ်ပုံ - ရက္ခိုင့်တပ်မတော်)

နိုဝင်ဘာ ၅ ရက်၊ ၂၀၁၇ ခုနှစ်။   ။   ချင်းပြည်နယ် ပလက်ဒေသအတွင်း မြန်မာတပ်တော်မှ ထိုးဖောက်လှုပ်ရှားမှုများရှိလာသောကြောင့် မကြာမီ တိုက်ပွဲများ ပြင်းထန်စွာဖြစ်​​ပေါ်လာနိုင်သဖြင့် ဒေသခံများအနေနှင့် သတိထားသွားလာကြရန် တိုက်တွန်းသည့် စာတစောင်ကို ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာ ၅ ရက်​​နေ့ရက်စွဲဖြင့် ထုတ်ပြန်​​ကြေညာခဲ့သည်

အဆိုပါ ထုတ်ပြန်ချက်တွင် ယခုရက်ပိုင်းအတွင်း ပလက်ဝဒေသသို့ မြန်မာစစ်တပ်မှ ရက္ခိုင့်တပ်မတော် လှုပ်ရှားနယ်မြေများအား ထိုးစစ်အရှိန်မြှင့်လာသောကြောင့် တိုက်ပွဲကြီးများဖြစ်ပွားလာနိုင်သည်ဟု ကြေညာချက်တွင် ဖော်ပြသည်။

ထို့ကြောင့် နီးစပ်ရာ ဒေသခံ ရွာသူရွာသားများအနေဖြင့် ကုလားတန်မြစ်၊ ကလက်ချောင်းနှင့် ပီချောင်းတစ်ဝိုက်တွင် ခရီးသွားလာခြင်းများ မပြုလုပ်ကြရန်နှင့် အကယ်၍ မဖြစ်မနေသွားရမည့် အခြေအနေများရှိလာလျှင်လည်း သတိကြီးစွာထားပြီး ဆင်ခြင်သွားလာကြရန် AA က တိုက်တွန်းထားသည်။

မြန်မာစစ်တပ်မှ ဒေသခံရွာသူရွာသားများ၏ ကျွဲနွား တိရိစ္ဆာန်များနှင့် စားနပ်ရိက္ခာများကို ခြိမ်းခြောက်ယူငင်စားသောက်ခြင်းများ၊ အမျိုးသမီးများအား မုဒိန်းကျင့်ခြင်း၊ အပြစ်မဲ့ရွာသူရွာသားများအား နှိပ်စက်သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မပေါ်တာဆွဲခြင်း၊ လူသားဒိုင်းကာ (Minesweeper) အဖြစ် အသုံးပြုခြင်း၊ လမ်းပြအဖြစ်ခေါ်ဆောင်ခြင်း စသည်တို့ကို ပြုလုပ်လာလျှင်လည်း လူ့အခွင့်အရေးအရငြင်းဆန်နိုင်ပြီး လူထုအခြေပြုအဖွဲ့အစည်းများမှတစ်ဆင့် အများပြည်သူများသိရှိစေရန် ဖော်ထုတ် အရေးယူမှုများ ပြုလုပ်ကြဖို့ မိမိတို့ ရက္ခိုင့်တပ်မတော်အနေဖြင့် ကြေညာချက်တွင် တိုက်တွန်းနှိုးဆော်ထားသည်။

ရက္ခိုင့်တပ်တော်သည် NCA မထိုးထားသည့် ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်ပြီး ယခင်နှစ်ပိုင်းအတွင်း အစိုးရတပ်များနှင့် တိုက်ပွဲများပြင်းထန်စွာဖြစ်ခဲ့ဖူးသည်။