ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီထူထောင်ခွင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြု ထားရှိပြီးဖြစ်ကာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၏ အရင်ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သည့် ဦးအေးသာအောင်ဆီသို့ ပါတီနှင့်ပတ်သတ်ပြီး
အကြံဥာဏ်တောင်းခံမှုများ ရှိနေသော်လည်း ၎င်းအနေဖြင့် ပါတီတွင်းသို့ ပါဝင်လာမှု၊ မလာမှုမှာ အတည်မပြုနိုင်သေးကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD ) ခေါင်းဆောင် ဦးမျိုးကျော်က ပြောသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် ဦးလှမြင့်၊ ဦးမျိုးကျော်၊ ဦးသာသာမောင်၊ ဦးအောင်စိုး၊ ဦးကျော်မြင့်က တို့ကို ဖွဲ့စည်းထားပြီး ရခိုင် ဒီမိုကရေစီအဖွဲ့(ALD) ၏ ပထမခေါင်းဆောင်အဖြစ် ဦးကျော်မြင့်နှင့် ဒုတိယခေါင်းဆောင်အဖြစ် ရမ်းဗြဲ မြို့နယ်မှ ဦးအောင်စိုးကို ခန့်အပ်ထားလျက်ရှိကြောင်း သိရသည်။
“ ပါတီထူထောင်ခွင့်ကို ဧပြီ ၂၄ ရက်နေ့က ခွင့်ပြုလိုက်ပါတယ်။ နောက်ရှေ့ဆက်ပြီးတော့ ပါတီဖွဲ့စည်းပုံတွေ လုပ်ရမယ်။ ALD မှာက အရင်ကတည်းက ဖွဲ့စည်းပုံတွေ ရှိပြီးသား။ နောက်လိုအပ်တာတွေကို ခေတ်နဲ့အညီ ထည့်သွင်းမယ်။ ပါတီမှာတော့ ဦးအေးသာအောင် ပါဖို့ ၊မပါဖို့တော့ မသေချာသေးဘူး ” ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ခေါင်းဆောင် ဦးမျိုးကျော်က ပြောသည်။
ရခိုင်ပြည်နယ်အတွင်းတွင် ပါတီတစ်ခုတည်းသာ ရှိနေရန် ရခိုင်ပြည်သူများ လိုလားနေကြသည့်ကြားက နောက်ထပ် ပါတီတစ်ခု ထပ်မံပေါ်ပေါက်လာသည့်အတွက် ရခိုင်လူထုကြားထဲမှာ ဝေဖန်မှုများရှိနေကြသည်။
“ ဒါက ဒီမိုကရေစီဆိုတဲ့ အနှစ်သာရမှာ သဘောထားက လွတ်လပ်စွာကွဲခြင်း ရှိတယ်။ ကြိုက်တဲ့လူက ထောက်ခံမယ်။ မကြိုက်တဲ့ လူကထောက်မခံဘူး။ ဝေဖန်မယ်၊ ကန့်ကွက်မယ်။ ဒါကတော့ သူတို့ရဲ့ အခွင့်အရေးပါ။ ကျနော်တို့အနေနဲ့ကတော့ အဲဒါတွေကို မပြောလိုဘူး။ ဒါပေမဲ့ ကျနော်တို့ကို ကန့်ကွက်တယ်လုပ်နေတာထက် ကျနော်တို့ ဘာလုပ်လဲ ကြည့်ပါ။ ကျနော်တို့ ပါတီထဲမှာ ပါခဲ့လူတွေ ဘယ်လိုသမိုင်းရှိလဲ ဆိုတာကြည့်ပါ။ ပြီးမှ ပြောတာပိုကောင်းပါတယ် ။ များသောအားဖြင့် မလိုလားတဲ့သူတွေက အုပ်စုဖွဲ့ပြီး ပြည်သူတွေကို လမ်းလွှဲပို့နေတာ။ အဲဒါတွေကို မလိုလားလို့ ကျနော်တို့ ALD ကို ပြန်လည်အသက်သွင်းတာပါ ” ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ခေါင်းဆောင် ဦးမျိုးကျော်က ဆိုသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်တွင် မဲအများဆုံး အနိုင်ရရှိခဲ့သည့်ပါတီတစ်ခုဖြစ်ကာ ၂၀၁၅ ခု ရွေးကောက်ပွဲတွင် မဲမကွဲစေရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၀ ခုနှစ်တွင် ရခိုင်ပြည်နယ်တွင် မဲအများဆုံးရရှိခဲ့သည့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP) နှင့် ပေါင်းစည်းခဲ့ပြီး ရခိုင်အမျိုးသားပါတီ(ANP) ကို တည်ထောင်ခဲ့သည်။ သို့သော်လည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန်တွင် ပါတီတွင်း ခေါင်းဆောင်ပိုင်း မငြိမ်သတ်မှုများပေါ်ပေါက်ခဲ့သဖြင့် ALD အခြမ်းမှ ခေါင်းဆောင်များ ထုတ်ပယ်ခြင်းခံလိုက်ရသဖြင့် ရခိုင်အမျိုးသားစီးပွားကို ဖော်ထုတ်ရန် ပါတီတည် ထောင်လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။






