ALD ပါတီဝင်များနှင့် ပြည်သူလူထုတွေ့ဆုံပွဲတစ်ခုကိုတွေ့ရစဉ်

ခင်သရဖီ်ဦး၊DMG

အောက်တိုဘာလ ၂၀၊စစ်တွေ

 

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီအနေဖြင့် ရခိုင်မျိုးချစ်ပါတီ(APP) နှင့် သဘောထားကိုက်ညီမှုရှိလျှင် ပါတီနှစ်ခု ပူးပေါင်းသွားမည်ဟု ALD အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။

“ကျနော်တို့အနေနဲ့ကတော့ ပါတီတွေ့ဆုံတဲ့အခါမှာ ညီညွတ်ရေးတည်ဆောက်မယ်ဆိုရင်တော့ သူနဲ့ကိုယ်နဲ့ စကားပြောမယ်။ သဘောထားတိုက်ဆိုင်တယ် အားလုံးအဆင်ပြေတယ်ဆိုရင်တော့ ပူးပေါင်းသွားမယ့် အနေအထားတွေရှိပါတယ်”ဟု ၎င်းကပြောသည်။

ရခိုင်မျိုးချစ်ပါတီအနေဖြင့် ပါတီပူးပေါင်းရန်အတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြီးခဲ့သည့် နှစ်အတွင်းက ကမ်းလှမ်းထားခြင်းဖြစ်သည်။ယင်းကမ်းလှမ်းမှုကို ပါတီညီလာခံပြီးမှ အကြောင်းပြန်မည်ဟု ဆုံးဖြတ်ထား သော်လည်း  ALD ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ ပါတီပေါင်းစည်းရေးအတွက် ညီညွှတ်ရေး ကိစ္စများကို ရခိုင်မျိုးချစ်ပါတီနှင့် အောက်တိုဘာလ ၂၃  ရက်နေ့တွင်ဆွေးနွေးကြမည်ဖြစ်သည်။

“ အခုနှစ် ၃၀ ပြည့်နှစ်ဗဟိုကော်မတီအစည်းအဝေးမှာ ဘာပဲဖြစ်ဖြစ် အမျိုးသားညီညွတ်ရေးကို ဦးစားပေးမယ် ဆိုပြီး ကျနော်တို့ ပါတီကို ကမ်းလှမ်းထားတဲ့လူတွေနဲ့ တွေ့ဆုံစကားပြောဖို့ လိုမယ်ဆိုတာကြောင့် ကျနော့်အနေနဲ့ အခုလိုကမ်း လှမ်းလိုက်တာပါ ”ဟု ၎င်းကပြောသည်။

ရခိုင်ဒီမိုကရေအဖွဲ့ချုပ်(ALD)နှင့် ရခိုင်မျိုးချစ်ပါတီ(APP) တို့သည် ရခိုင်အမျိုးသားပါတီ(ANP) က ထုတ်ပယ်ခံထားရသူ၊ နုတ်ထွက်ထားသူများဖြင့် ဖွဲ့စည်းထားသည့် ပါတီနှစ်ခုဖြစ်သည်။