
(ပိန္နဲစေ့အရွယ် မူးယစ်ဆေးပြားအထုပ် ၃၀ ကို မျိုချပြီး သယ်ဆောင်လာသူအားဖမ်းမိ)
မေလ ၂၆ ရက်၊ ၂၀၁၇ ခုနှစ်၊ မောင်တော (DMG) ။ ။ မောင်တောမြို့နယ် ကြိမ်ချောင်းကားလမ်းပေါ်တွင် မေလ ၂၆ ရက်နေ့က သတင်းအရ မသင်္ကာသည့် ယာဉ်များအား စစ်ဆေးခဲ့ရာ ပိန္နဲစေ့အရွယ် မူးယစ်ဆေးပြားအထုပ် ၃၀ အား မျိုချပြီး သယ်ဆောင်လာသည့် ဘင်္ဂလီတစ်ဦးအား ဖမ်းဆီးထိန်းသိမ်းရမိခဲ့ကြောင်း လောင်းဒုံကင်းစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ သတင်းများအရ မေလ ၂၆ ရက်နေ့တွင် လောင်ဒုံကင်းစခန်းအဖွဲ့မှ အသိသက်သေများနှင့်အတူ စစ်ဆေးနေစဉ် မောင်တောဘက်မှ ကြိမ်ချောင်းဘက်သို့ ဆိုင်ကယ်တစ်စီးဖြင့် ဘင်္ဂလီနှစ်ဦး စီးနှင်းလာရာ မင်္သကာဖွယ်တွေ့ရှိရ၍ ရပ်တန့်စစ်ဆေးခဲ့ရာ ဆိုင်ကယ်မောင်းသူမှာ ရပ်တန့်ဟန်ပြပြီး ကြိမ်ချောင်းဘက်သို့ ထွက်ပြေးမောင်းနှင်သွားပြီး ဆိုင်ကယ်နောက်လိုက်ကိုမူ ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်။
ဆိုက်ကယ်နောက်မှစီးနင်းလာသူအား မေးမြန်းရာ ၎င်းမှာ ရေမျက်တောင်ကျေးရွာနေ ရာဟာမာအုလ္လာ ၃၁ နှစ် (ဘ) အဒူဆလင် ဖြစ်ပြီး ထွက်ပြေးသွားသူမှာ တစ်ရွာတည်းနေ ဆီရာဇူအီစ္စလာမ် ၄၀ နှစ်(ဘ)နာဒီဟူဆောင်း ဖြစ်ကြောင်း သိရသည်။
ရာဟာမာအုလ္လာ ၏ ပြောပြချက်အရ ၄င်းကို ဆီရာဇူအီစ္စလာမ် က ပလတ်စတစ်အိတ်ဖြင့် ထုတ်ပိုးထားသော ပိန္နဲစေ့အရွယ်ခန့်ရှိ အထုပ် ၃၀ အား ဝမ်းဗိုက်ထဲသို့ မျိုချခိုင်းခဲ့ပြီး တောင်ပြိုသို့ရောက်သည့်အခါ ဝမ်းနှုတ်ဆေးသောက်ကာ ပြန်ထုတ်ယူမည်ဖြစ်ကြောင်းနှင့် ဆောင်ရွက်ပြောင်းပေးခ ငွေကျပ် ငါးသိန်းခန့် ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ဆိုသည်။
ယင်းကြောင့် ပိန္နဲစေ့အရွယ်ခန့်ရှိအထုပ်များ မျိုချထားသူအား ငါးခူရ ရဲစခန်းသို့ခေါ်ဆောင်လာကာ ၂၆/၅/၂၀၁၇ နံနက် ၈ နာရီ ၃၀ အချိန်တွင် ငါးခူရကျန်မာရေးမှူးနှင့် အသိသက်သေများရှေ့တွင် ထမင်းနှင့်စားစရာများကျွေးပြီး မစင်စွန့်ခိုင်းခဲ့ရာ အစိမ်း/ပန်းရောင်/အဝါ ပလတ်စတစ်အိတ်များဖြင့် ထုတ်ပိုးထားသော ပိန္နဲစေ့အရွယ်ခန့်ရှိ အထုတ် (၃၀ ) ထုတ်အား တွေ့ရှိခဲ့ရပြီး ၎င်းအထုပ်များအား ဖွင့်ဖောက်စစ်ဆေးရာ မူယစ်ဆေး wy/R စာတမ်းပါ အဆင့်မြင့် ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၄၈) ပြားစီပါ (၃၀) ထုပ် စုစုပေါင်းဆေးပြား (၁၄၄၀) ပြား (၁၄၄ဂရမ်) ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ ကာလတန်ဖိုးကျပ်ငွေ (၂၈၈၀၀၀၀) နှစ်ဆယ့်ရှစ်သိန်းရှစ်သောင်းခန့် မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ ရာဟာမာအုလ္လာနှင့် ထွက်ပြေးလွတ်မြောက်သွားသူ ဆီရာဇူအီစ္စလာမ် ကို အမှုဖွင့်ပြီး စစ်ဆေးလျှက်ရှိကာ ထွက်ပြေးသွားသူအားလည်း ဖမ်းဆီးနိုင်ရန် ကြိုးပမ်းလျှက်ရှိကြောင်း လောင်းဒုံကင်းစခန်းမှ တာဝန်ရှိသူများက ပြောသည်။




