(ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသ စေတီပြင်ကျေးရွာနှင့် ပိုးရွှီပြင်ကျေးရွာသို့ ဆက်ထားသောလမ်း။ ဓါတ်ပုံ - ဇောင်း (ပုဏ္ဏားကျွန်း)/DMG)
မေလ ၂၁ ရက်၊ ၂၀၁၇ ခုနှစ်၊ ပုဏ္ဏားကျွန်း (DMG) ။ ။ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသ စေတီပြင်ကျေးရွာနှင့် ပိုးရွှီပြင်ကျေးရွာသို့ ဆက်ထားသောလမ်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍရေးနှစ်က ခွင့်ပြုငွေ ကျပ် ၇၂ သန်းဖြင့် ဖောက်လုပ်ခဲ့သော အဆိုပါရွာဆက်လမ်းမှာ ယခုပျက်စီးယိုယွင်းနေပြီဖြစ်ကြောင်း ပိုးရွှီပြင်မဟာမိတ်အသင်း ပြန်ကြားရေးတာဝန်ခံ ဦးအောင်ကျော်က ပြောသည်။
“ လမ်းက တော်တော်လေးကို ပျက်စီးနေပြီ။ တချို့နေရာတွေဆိုရင် ရေတိုက်စားမှူကြောင့် လမ်းကြောတွေကို ရှာမတွေ့တော့ဘူး။ လမ်းစတင်ဖောက်လုပ်ခဲ့တဲ့ လပိုင်းလောက်သာ သွားလာရေး အဆင်ပြေခဲ့ပါတယ်။ အခုတော့ အပိုင်းပိုင်း အဖြတ်ဖြတ်နဲ့ ဖြစ်သွားပြီ။ ဒါကို အချိန်မီပြုပြင် မွမ်းမံတာတွေ မလုပ်ဘူးဆိုရင်တော့ နိုင်ငံတော် ဘဏ္ဍာငွေတွေ မြောင်းထဲ သွန်သလိုဖြစ်သွားမယ်။ ” ဟု ပိုးရွှီပြင်မဟာမိတ်အသင်း ပြန်ကြားရေးတာဝန်ခံ ဦးအောင်ကျော်က ဆိုသည်။
ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသသည် ရခိုင်လူမျိုး၊ ခမီလူမျိုး စသော တိုင်းရင်းသားများနေထိုင်ကြပြီး အလွန်တရာလမ်းပန်းဆက်သွယ်ရေးခက်ခဲ့သော ဒေသတခုဖြစ်ကြောင်းလည်း သိရသည်။
ပိုးရွှီပြင်ကျေးရွာကို ဦးတည်ပြီး ဖောက်လုပ်သောလမ်းဖြစ်ခြင်းကြောင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ကျောင်းသားများ ပြည်သူများအနေဖြင့် ရွာဆက်လမ်းစီမံကိန်း အကောင်အထည်ဖော်ခြင်းကို နေ့စဉ်အမျှ မျှော်လင့်စောင့်နေကြသည်ဟု ဦးအောင်ကျော်ကဆိုသည်။
ဦးသိန်းစိန်အစိုးရလက်ထက်က ဖောက်လုပ်ခဲ့သောလမ်းသည် ယခုအစိုးရလက်ထက် ဘဏ္ဍရေးနှစ်များတွင် စီမံကိန်းလုပ်ငန်းများ ပါဝင်လာခြင်းမရှိတော့သဖြင့် ဒေသခံပြည် သူများအနေဖြင့် များစွာစိတ်ပျက်လျှက်ရှိကြောင်း၊ လွန်ခဲ့သောနှစ်ပေါင်း ၅ဝ ခန့်က စစ်အာဏာရှင်စနစ် ကြီးစိုးမှူကြောင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ အသိပညာ အတတ်ပညာများ တခြားဒေသများထက် နိမ့်ကျနေခဲ့သော ပုဏ္ဏားကျွန်းမြို့နယ် တောဖျားဒေသအား ဖွံ့ဖြိုးတိုးတက်လာအောင် အားလုံးဝိုင်းဝန်းကူညီကြရန်လည်း ပိုးရွှီပြင်မဟာမိတ်အသင်းမှ တောင်းဆိုထားသည်။




