(အောင်မြင်ဟိန်း ဖုန်းဆိုင်အား ဖောက်ထွင်းခဲ့သူသုံးဦး ။ ဓာတ်ပုံ - ပုဏ္ဏားကျွန်းရဲစခန်း)

ဒီဇင်ဘာ ၇ ရက်၊ ၂၀၁၇ ခုနှစ်။      ။ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် ဖုန်းအရောင်းဆိုင်များ မကြာခဏဆိုသလို ဖောက်ထွင်းခံနေရပြီး ၂၀၁၇ ခုနှစ်အတွင်း ၅ ကြိမ်ထက်မနည်း ဖောက်ထွင်းမှု ဖြစ်ပွားခဲ့ကြောင်း ဖုန်းအရောင်ဆိုင်ရှင်များက ပြောဆိုကြသည်။

ပုဏ္ဏားကျွန်းမြို့တွင် ဖုန်းအရောင်းဆိုင် ၄၀ ကျော်ရှိပြီး ယခုနှစ်အတွင်း ဖောက်ထွင်းခံရသည့် ဆိုင်များမှာ ရွှေပေါ်ဖုန်းဆိုင်၊ စန်းပွင့်ဖုန်းဆိုင်၊ အိုင်တီဖုန်းဆိုင်နှင့် အောင်မြင်ဟိန်း ဖုန်းဆိုင်တို့ဖြစ်ကြောင်း ပုဏ္ဏားကျွန်းရဲစခန်းမှတ်တမ်းများအရ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၆ ရက်နေ့က အောင်မြင်ဟိန်းဖုန်းဆိုင် ဖောက်ထွင်းခံရပြီး ငွေကျပ် သိန်း ၁၀ ကျော်တန်းဖိုးရှိ ဖုန်းများအခိုးခံခဲ့ရကြောင်း ကိုအောင်မြတ်က ပြောသည်။

“ ကျနော့်မှာ ၁၀ သိန်းကျော်ဖိုးလောက် ပါသွားတယ်။ ပါသွားတဲ့ ဖုန်းတွေက Samsung က သုံးလုံး၊ Huawei က သုံးလုံး၊ Oppo က တစ်လုံး၊ Tablet တစ်လုံး၊ Power Bank လေးလုံးနဲ့ ၅ သောင်းကျော်တန် ဖုန်း ၄ လုံးလောက် ပါသွားတယ်။ ” ဟု ပြောသည်။

အောင်မြင်ဟိန်း ဖုန်းဆိုင်အား ဖောက်ထွင်းသူ သုံးဦး ခိုင်မျိုးလင်း၊ ဇော်ဇော်ထွန်းနှင့် ဇော်ပိုင်ထွန်းတို့ကို ပုဏ္ဏားကျွန်းရဲစခန်းက အတွင်းပစ္စည်းခိုးမှုမြောက်သည့် ပုဒ်မ ၃၈၀ ဖြင့် တရားစွဲဆိုထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။ 

 

Author: ဇောင်း(ပုဏ္ဏားကျွန်း)