
(ပုဏ္ဏားကျွန်းမြို့ ခွဆုံ(ဝက်ဖြူပြင်)ကျေးရွာတွင် ကိုယ်ထူကိုယ်ထဆောက်လုပ်သည့် တံတားသစ်။ ဓါတ်ပုံ - ဇောင်း (ပုဏ္ဏားကျွန်း)/DMG)
မေလ ၂၈ ရက်၊ ၂၀၁၇ ခုနှစ်၊ ပုဏ္ဏားကျွန်း (DMG) ။ ။ ပုဏ္ဏားကျွန်းမြို့နယ် ခွဆုံ(ဝက်ဖြူပြင်)ကျေးရွာတွင် ကိုယ်ထူကိုယ်ထဆောက်လုပ်သည့် တံတားသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်က ပြုလုပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဋ္ဌေးက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အလျား ၁၂၀ ပေ၊ အနံ ၆ ပေ ရှိသော အဆိုပါသစ်သားတံတားသည် ခွဆုံကျေးရွာ နှင့် သားပုံကျေးရွာ၏ ရွာချင်းဆက်တံတားဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး လွယ်ကူကောင်းမွန်စေရန်အတွက် ကိုယ်ထူကိုယ်ထ တည်ဆောက်ရခြင်းဖြစ်ကြောင်း ခွဆုံကျေးရွာ ဆရာတော်က မိန့်သည်။
တံတားဖြစ်မြောက်လာအောင် အဓိက ဦးဆောင်လမ်းပြခဲ့သည့် ဦးရေ၀တက “ ကျေးရွာလူထုတွေကို သိစေချင် တာက အပြင်ကလူတွေကို အားကိုးမနေဘဲ၊ ကိုယ့်ရွာအတိုင်းအတာနဲ့စုပေါင်းပြီး လုပ်ကြရင် တစ်ချို့ကိစ္စတွေကို လုပ်လို့ရတယ်ဆိုတဲ့အယူအဆကို သိနားလည်စေချင်တယ်။ အပြင်ကလူတွေ ကူညီပေးဖို့အတွက်လည်း အယင်ဆုံး ကိုယ်တို့ဘက်က အစပျိုးလုပ်ဆောင်မှုတွေ လိုအပ်တယ်ဆိုတာကို သိစေချင်တယ်” ဟု ဆိုသည်။
တံတားဆောက်လုပ်ရာတွင် စုစုပေါင်း ကုန်ကျငွေ ၆၉ သိန့်ခန့်ရှိခဲ့ပြီး ကျေးရွာမှ စုပေါင်းအင်အားအပြင် ရခိုင့်ဂုဏ်ရောင်ကုမ္ပဏီ အင်ဂျင်နီယာများနှင့် အပြင်က အလှူရှင်များမှ ပါဝင်ခဲ့ကြပြီး တစ်နှစ်တည်းနှင့် အပြီးတည်ဆောက်ခဲ့ရကြောင်း သိရသည်။
ခွဆုံကျေးရွာသည် ပုဏ္ဏားကျွန်းမြို့နယ်တွင် သွားလာရခက်ခဲပြီး ခေါင်ပါးသောနေရာတစ်ခုဖြစ်ကာ ရေလမ်းကြောင်းကိုသာ အဓိကအားထားနေရသည့် ကျေးရွာလည်း ဖြစ်သည်။




