
စက်တင်ဘာလ ၁ ရက်၊ ခင်သရဖီဦး
စစ်တွေ - မင်းဘူး ရထားလမ်း ဖောက်လုပ်ရာတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကန်- ကျောက်ဆိပ် ရထားလမ်းပိုင်းပေါ်ရှိ ပျက်စီးသွားသော လယ်သမား၂၈ ဦးတို့၏ လယ်မြေ ၅၁ ဧက ခန့်အတွက် လျှော်ကြေးပေးအပ်ရန် အစီအစဉ်မရှိသေးကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးသာဦးက သြဂုတ်လ ၃၁ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ပြောသည်။
၂၀၀၈ ခုနှစ်တွင် မြန်မာ့မီးရထားလမ်းဌာနမှ ကွမ်းတောင်-ကျောက်တော် ရထားလမ်းပိုင်း ဖောက်လုပ်ခဲ့ရာတွင် ပျက်စီးခဲ့ခြင်းဖြစ်ပြီး ပျက်စီးလယ်ယာမြေများအတွက် အမြန်ဆုံးလျှော်ကြေးပေးအပ်ရန် လိုအပ်ကြောင်း ပုဏ္ဏားကျွန်းမဲဆန္ဒနယ်က ဦးဦးထွန်းမောင်က ပြောသည်။
“လယ်သမားမိသားစုတွေမှာ စားဝတ်နေရေး၊ကျန်းမာရေး ၊ပညာရေး အခက်အခဲ ပေါင်းစုံကို အသည်းအထန် ခံစားနေကြရပါတယ်။ ”ဟု ၎င်းက ဆိုသည်။
မြန်မာ့မီးရထားလမ်းနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး စာရင်းအင်းဦးစီးဌာနမှ ကွင်းဆင်း တိုင်းတာချက်အရ သိမ်းဆည်းမြေ ၃၃.၄၄ ဧကနှင့် တောင်သူဦးရေး ၂၉ ဦး ဖြစ်သည်။ လျှော်ကြေးတန်ဖိုးများကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ အတည်ပြုချက်ဖြင့် ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနသို့ သြဂုတ်လ ၂၁ ရက်နေ့တွင် တင်ပြထားသည်ဟု ဝန်ကြီးက ပြောသည်။
“အတည်ပြုချက်ရရှိပါက ရခိုင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လျှော်ကြေးတန်ဖိုး အတည်ပြုချက်ရရှိရေးကို ဆက်လက်တင်ပြဆောင်ရွက်သွားမည် ”ဟု ၎င်းက ဆိုသည်။
၂၀၁၈-၂၉ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေတင်ပြတောင်းခံရာတွင် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့မှ လျှော်ကြေးတန်ဖိုး အတည်ပြုချက်မရရှိသေးသဖြင့် ထည့်သွင်းတောင်းခံနိုင်ခြင်းမရှိခဲ့ပေ။သို့သော် ဖြည့်စွက် ရန်ပုံငွေတောင်းခံချိန်တွင် လျှော်ကြေးတန်ဖိုးအတည်ပြုချက်ရလျှင် ထည့်သွင်းလျာထားတောင်းခံပြီး ခွင့်ပြုချက် ရလျှင် လျှော်ကြေးပေးသွားမည်ဟု ဝန်ကြီးက ဆိုသည်။




