ဇူလိုင် ၃၀ ၊ ခင်သရဖီဦး

ပုဏ္ဏားကျွန်းမြို့တွင် အမျိုးသမီးတစ်ဦး သေဆုံးနေသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း ပုတ်ပွ၍ အနံ့ထွက်လာမှ အလောင်းကိုတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသမီး၏ ရုပ်အလောင်းကို ပုဏ္ဏားကျွန်းမြို့အနီးရှိ ဦးရာဇ်တောင်စေတီ တောင်ဘက်ရှိ ဓမ္မာရုံအောက်တောင်စောင်းတွင် ဇူလိုင်လ ၂၈ ရက်နေ့ ညနေ ၈ နာရီ ၄၀ မိနစ်က တွေ့ရှိခဲ့ကြောင်း ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ ကျနော်တို့အနေနဲ့  သေမှုသေခင်း ဖွင့်ပြီးစစ်ဆေး နေပါတယ်။ သူအိမ်ကလည်း သူက မကြာခဏဆိုသလို အခုလိုသွားလာတတ်လို့ပြောတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက အိမ်ကထွက်သွား တာတဲ့။ ဆရာဝန်ကတော့ ရောဂါတစ်ခုခုကြောင့်ဆိုပြီး မှတ်ချက်ချထားပါတယ်။ ”  တပ်ကြပ်ကြီး ခင်မောင်အေးက ပြောသည်။

သေဆုံးသူအမျိုးသမီးမှာ အသက် ၃၅ နှစ် ဒေါ်ခင်ခင်သန်းဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ် ယိုးချောင်းကျေးရွာမှဖြစ်သည်။ အိမ်မှထွက်ခွာသွားသည်မှာ တစ်ပတ်ခန့်ကြာမြင့်နေပြီဖြစ်ပြီး မည်သည့်ရက်တွင် သေဆုံးနေသည်နှင့် မည်ကဲ့သို့ သေဆုံးသွားသည်ကို အတိအကျမသိရကြောင်း ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ သိရသည်။