မင်းထွန်း / DMG

ဧပြီ ၂၉ ၊ စစ်တွေ

ပုဏ္ဏားကျွန်းမြို့နယ်၊ ဗုဒ္ဓေါကျေးရွာမှ အသက် ၅၉ နှစ်အရွယ် လူတစ်ဦးသည် ယနေ့ ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းအချိန်က  မိမိ၏ ကွမ်းခင်းသို့ သွားရောက်စဉ် ရွာအနီးရှိ တောင်တန်းအရောက်တွင် မိုင်းထိသွားသဖြင့် ယိုးတရုတ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း ဗုဒ္ဓေါကျေးရွာ အုပ်ချုပ်ရေးမှူးထံက သိရသည်။

အဆိုပါ မိုင်းထိသူမှာ ဦးမောင်ကျော်ဝင်းဖြစ်ပြီး ၎င်းမိုင်းထိသည့် နေရာအနီးတွင် ပြီးခဲ့သည့် လပိုင်းက တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့တိုက်ပွဲ ဖြစ်ပွားမှုရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။

 “ သူ့ ကွမ်းခင်းကို သွားတယ်။ ကွမ်းခင်းကို သွားတဲ့အခါ  လမ်းမှာ ကြိုးဖြစ်နိုင်တယ်။ သူက အဲဒီလိုပုံစံပြောတယ်။ အဲဒီမှာ ထိမိသွားလို့ ပေါက်တယ်လို့ ပြောပါတယ်” ဟု ဗုဒ္ဓေါကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်လှိုင် က DMG ကို ပြောသည်။

မိုင်းထိမှုကြောင့်  ပေါင်သားနှင့် ဝမ်းဗိုက်တွင် ဒဏ်ရာအနည်းငယ်ရရှိသွားပြီး မျက်လုံးတစ်ဖက် “မလှုပ်နိုင် ၊ နာကျင်ကိုက်ခဲကြောင်း” ဦးမောင်ကျော်လှိုင်က ဆက်လက်ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ ခရုချောင်းကျေးရွာတွင် လက်နက်ကြီးကျည်ဆန် ပေါက်ကွဲမှုကြောင့် ကလေးငယ်(၃) ဦးတွင် တစ်ဦးသေဆုံးခဲ့ရပြီး ကျန်ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။

ပြီးခဲ့သည့် လပိုင်းက တိုက်ပွဲဖြစ်ပွားမှုကြောင့် ဗုဒ္ဓေါကျေးရွာက ဒေသခံများမှာ ယိုးတရုတ်ကျေးရွာသို့ ထွက်ပြေးခဲ့ရပြီး ဒေသခံအများစုမှာ ဧပြီလလယ်လောက်မှ မိမိကျေးရွာသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။