ခိုင်ရိုးလ/ DMG

ဇွန် ၁၊ ပုဏ္ဏားကျွန်း

ပုဏ္ဏားကျွန်းမြို့နယ်  ဆင်သည်ကျေးရွာမှ အမျိုးသမီး၊ အမျိုးသားများကို ယနေ့ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် ရွာစာသင်ကျောင်းခြံဝင်း၌ တပ်မတော်က ခေါ်စုထားကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက DMG ကို ပြောသည်။

တပ်မတော် စစ်ကြောင်း တပ်မ ၂၂ မှ အင်အား ၁၀၀ ကျော်ခန့်သည် ယမန်နေ့ ညနေ ၉ နာရီကျော်ကပင် ဆင်သည်ကျေးရွာသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် ရွာသားအားလုံးကို ခေါ်စုထားခြင်းဖြစ်သည်။ သို့ သော် မည်သည့်ကိစ္စကြောင့် ခေါ်ထားသည်ကို မသိရှိရသေးဟု အဆိုပါ အမည်မဖော်လိုသူက ပြောသည်။

“ ၈ နာရီခွဲလောက်က ရွာဆော်က အော်တယ်။ ရွာမှာရှိတဲ့ ယောက်ျား၊ မိန်းမအားလုံး စာသင်ကျောင်းကွင်းကို ထွက်လာပါလို့။ ဒါကြောင့် ရွာထဲမှာရှိတဲ့ လူတွေအားလုံးက စာသင်ကျောင်းကွင်းကို ထွက်သွားပါပြီ။ အခုတော့ စာသင်ကျောင်းဘောလုံးကွင်းမှာ ထိုင်ခိုင်းထားတယ် ” ဟု ၎င်းကဆက်ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းရာတွင် “ ကျွန်တော်မအားသေးဘူးခင်ဗျ။ နောက်မှ ပြန်ဆက်ပါ ” ဟုသာ တုန့်ပြန်ပြောဆိုသည်။

ဆင်သည်ကျေးရွာ ဒေသခံများနှင့် ရခိုင်ဒေသခံများကမူ ယခုကဲ့သို့ ရွာသားများကို စုခိုင်းထားသောကြောင့် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မျိုး ဖြစ်လာမည်ကိုစိုးရိမ်နေကြသည်။ ကျောက်တန်းရွာတွင် ရွာသားများကို AA နှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းနေစဉ် ရွာသား (၇) ဦးခန့်မှာတပ်မတော်က ပစ်ခတ်မှုကြောင့်  သေဆုံးမှုရှိခဲ့သည်။

Author: ခိုင်ရိုးလ