(အမှတ်စဉ် ၃/၂၀၁၇ သင်တန်းဖွင့်ပွဲအခမ်းအနား။)

ဒီဇင်ဘာ ၂၀ ရက်၊ ၂၀၁၇ ခုနှစ်      ။ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် လူငယ်များအတွက် ဖုန်းပြုပြင်နည်း၊ လျှပ်စစ်ဂဟေ၊ ပန်းရံ၊ လက်သမားပညာများနှင့်ပတ်သက်ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနက သင်တန်းပေးနေကြောင်း မြို့မိမြို့ဖများထံမှ သိရသည်။

အမှတ်စဉ် ၃/၂၀၁၇ သင်တန်းကို ဒီဇင်ဘာ ၁၉ ရက်နေ့ကစ၍ ပုဏ္ဏားကျွန်းမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှု၊ လက်မှုပညာသင်တန်းကျောင်းတွင် ပြုလုပ်နေကြောင်း အဆိုပါ သင်တန်းကျောင်းမှ သိရသည်။

သင်တန်းပေးရခြင်းမှာ စက်မှု၊ လက်မှုလုပ်ငန်းများတွင် ကျွမ်းကျင်လူငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်သည်ဟု နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးခင်မောင်ဇော်က ပြောသည်။

“ ဒေသအတွင်း စက်မှုလက်မှုလုပ်ငန်းတွေ ထူထောင်ရာမှာ ကျွမ်းကျင်လူငယ်တွေ ပေါ်ထွက်လာစေဖို့၊ သင်တန်းပြီးသွားတဲ့အခါ စက်မှုလက်မှုပညာရပ်တွေ တတ်မြောက်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့၊ လူနေမှုဘဝမြင့်မားလာစေဖို့အတွက် စက်မှုလက်မှု ပညာရပ်တွေနဲ့ မိမိဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပြန်လည်အသုံးချဆောင်ရွက်စေလိုပါတယ်။ သင်တန်းသားတွေအနေနဲ့လည်း သင်တန်းကသင်ကြားလေ့ကျင့်ပေးတဲ့ ဘာသာရပ်ဆိုင်ရာ အခြေခံပညာများနှင့် ရောင့်ရဲတင်းတိမ်မနေဘဲ နီးစပ်ရာလုပ်ငန်းတွေနဲ့ ဆက်စပ်ပြီးတော့ တိုးတက်လာအောင် ဆက်လက်လေ့လာဆည်းပူးဖို့လိုမယ် ” ဟု ၄င်းကပြောကြားခဲ့သည်။

သင်တန်းကို စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ မောတောခရိုင်နှင့် ချင်းပြည်နယ် ပလက်ဝဒေသများမှ ဌာနေတိုင်းရင်းသား လူငယ် (၆၀) ဦး တက်ရောက်သင်ကြားကြမည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တ (၁၂) ပတ်ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်သည်။

 

 

Author: ဇောင်း(ပုဏ္ဏားကျွန်း)