
ဒီဇင်ဘာလ ၁၆၊ ၂၀၁၈ ခုနှစ်၊ ဇောင်း (ပုဏ္ဏားကျွန်း) / DMG
ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသမှ မျက်စိဝေဒနာရှင် ၃၀၀ ကျော်အား ပိုးရွှီပြင်တိုက်နယ်ဆေးရုံတွင် ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ၌ အခမဲ့ကုသပေးခဲ့ကြောင်း သိရသည်။
တောဖျားချောင်းဒေသမှာ ဝေလံခေါင်ဖျားသည့်နေရာဖြစ်ပြီး ယခုကဲ့သို့ မျက်စိဝေဒနာရှင်များကိုကုသပေးရန် တောဖျားဒေသအခြေစိုက် ပိုးရွှီပြင်မဟာမိတ်အဖွဲ့၊ မျက်စိအထူးကုဆရာဝန် ဒေါက်တာမိုးကျော်နှင့်အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ဒီဒေသကို အရင်ကတည်းက လာချင်တာပါ။ ရေလမ်းကြောင်းတခုတည်းနဲ့လာရတာဆိုတော့ အချိန်တွေပေး ရတာကြောင့် အခုမှလာရောက်ကုသခွင့်ရတာဖြစ်ပါတယ်” ဟု ဒေါက်တာမိုးကျော်မှ ပြောသည်။
ဒေါက်တာမိုးကျော်နှင့်အဖွဲ့သည် ယခင်ကလည်း ရခိုင်ပြည်နယ်အတွင်းမှ ဝေးလံခေါင်ဖျားတဲ့ဒေသများသို့ သွားရောက်ပြီး မျက်စိဝေဒနာသည်များအား အခမဲ့ကုသပေးမှုများရှိပြီး အခြားနေရာများသို့လည်း ထပ်မံ သွားရောက်ကုသပေးရန်ရှိကြောင်း ၎င်းကဆိုသည်။




