တောဖျားချောင်းဒေသ သင်းပုန်းတန်းကျေးရွာသို့ အနီးပတ်ဝန်းကျင် ကျေးရွာ (၂)ရွာက ဒေသခံများ ဒီဇင်ဘာလ ၁၃ ရက်နေ့က ရောက်ရှိလာစဉ် (ဓာတ်ပုံ - ပိုးရွှီပြင် မဟာမိတ်လူမှုကူညီရေးအသင်း)

ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၁၈ ခုနှစ်၊ သက်နိုင် / DMG

ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းအထက်ပိုင်း၊ သင်းပုန်းတန်းကျေးရွာသို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေကြသူများအတွက် အရပ်ဖက်အဖွဲ့အစည်းတစ်ချို့က စားနပ်ရက္ခာများ လှူဒါန်းမှုရှိသော်လည်း အကူအညီများ ဆက်လက် လိုအပ်နေဆဲဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက DMG ကို ယနေ့ညနေပိုင်းက ပြောသည်။

ဒီဇင်ဘာလအစောပိုင်းက မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ကြား စတင်တိုက်ပွဲဖြစ်ပွားမှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ဖက်ဝန်းချောင်း၊ သဗြုချိုင်နှင့် စသည့် ကျေးရွာသုံးရွာက ဒေသခံ(၃၀၀)ကျော်မှာ သင်းပုန်းတန်းကျေးရွာသို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေကြခြင်းဖြစ်ပြီး သူတို့အတွက် အဝတ်အထည်၊ စားနပ်ရိက္ခာများ၊ အနွေးထည်များ လိုအပ်လျက်ရှိနေသည်ဟု ဦးသိန်းဝင်းက ဆိုသည်။

“ အကူအညီလာပေးတာကတော့ ၃ ဖွဲ့ရှိပြီ။ တစ်ချို့ကငွေပေးတယ်။ တစ်ချို့ကလည်း ဆန်နဲ့ ဆီတွေ လာပေးကြတယ်။ ဒါပေမယ့် ဒီမှာ ဒုက္ခသည်တွေက များနေတော့ လုံလုံလောက်လောက် မရှိဘူး ဖြစ်နေတယ်” ဟု သူက ဆက်ပြောသည်။

ယခုရောက်ရှိနေကြသည့် စစ်ပြေးရှောင် စုစုပေါင်း ၃၀၀ ကျော်ခန့်မှာ ဘုန်းတော်ကြီးကျောင်းဝင်းနှင့် ချောင်းအနီးအနားရှိ မြေလပ်နေရာတစ်ခုတွင် တာလာပတ်အမိုး၊ ကောက်ရိုးခင်းတဲများဖြင့် နေထိုင်နေရပြီး ဆောင်းရာသီတွင် ယင်းသို့ နေထိုင်ရခြင်းသည် ကျန်းမာရေးအတွက်လည်း စိုးရိမ်ရသည်ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းအပြင် တောဖျားချောင်းအထက်ပိုင်း ကျေးရွာများတွင် နေထိုင်နေကြသည့် ဒေသခံများမှာ စားဝတ်နေရေးအတွက် တောတောင်ကို မှီခိုနေကြခြင်းဖြစ်သည်။ သို့သော် တိုက်ပွဲများဖြစ်ပွား လျက်ရှိသောကြောင့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ရပ်နားထားရသည်ဟု  ယင်းကျေးရွာများသို့ DMG ကသွားရောက်ခဲ့စဉ် ဒေသခံများက ပြောသည်။

တောဖျားချောင်းဒေသ သင်းပုန်းတန်းကျေးရွာသို့ အနီးပတ်ဝန်းကျင် ကျေးရွာ (၂)ရွာက ဒေသခံများ ဒီဇင်ဘာလ ၁၃ ရက်နေ့က ရောက်ရှိလာစဉ် (ဓာတ်ပုံ - ပိုးရွှီပြင် မဟာမိတ်လူမှုကူညီရေးအသင်း)