ခိုင်ရိုးလ၊ DMG

အောက်တိုဘာလ ၁၃၊ စစ်တွေ

ဖိုးလုံးလုပ်ကြံခံရမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသော လူငယ် ၃ ဦးအတွက် ရခိုင်အမျိုးသားပါတီ (ANP) က ဥပဒေအကြောင်းရာအရ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၂ ရက်နေ့ စစ်တွေမြို့၊ ရခိုင်အရပ်ဘက် လူမှုအဖွဲ့စည်းများကွန်ရက်ရုံး သတင်းစာရှင်းလင်းပွဲတွင် ပါတီအထွေထွေအတွင်း ရေးမှူး  ဦးထွန်းအောင်ကျော် ကပြောသည်။

ရဲတပ်ဖွဲ့က ကိုအောင်ဇော်လင်း၊ မေယုထွန်းနှင့် ခိုင်ဘိုဘိုတို့ကို ဖိုးလုံးသေဆုံးမှုနှင့်ပတ်သက်ပြီး ရရှိထားသည့် သတင်းအချက်အလက် စစ်ဆေးရန် ဖမ်းဆီးခြင်းဟု ဆိုထားသော်လည်း သူတို့ အပြစ်မရှိသောကြောင့် ဥပဒေအရ သက်သာခွင့် အပြည့်အဝရစေချင်ကြောင်း ဦးထွန်းအောင်ကျော်က ဆိုသည်။

“ အပြစ်မရှိတဲ့ လူတစ်ယောက်ကို ရဲတပ်ဖွဲ့အနေနဲ့ မသင်္ကာလို့ ခေါ်ယူစစ်ဆေးတာကို လက်ခံတယ်။ ဒါပေမယ့် ဥပဒေနဲ့အညီပေါ့။ လူတစ်ယောက်ကို စစ်ဆေးလို့သက်သေခံမခိုင်လုံရင်တော့ အတိုင်းတာတစ်ခုအတွင်းမှာ အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တာပေါ့။ ဒီလူငယ်တွေဟာ  အပြစ်လုံးဝမရှိတဲ့လူငယ်တွေ ဖြစ်နေတဲ့အတွက် ဥပဒေအရ သက်သာခွင့်တွေ အပြည့်ဝရစေချင်တယ်။ ကျွန်တော်တို့ပါတီကလည်း ဥပဒေကြောင်းရာအရ လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမှာပါ ” ဟု၎င်းကပြောသည်။ 

လက်ရှိဖမ်းဆီးခံထားရသော လူငယ်သုံးဦးမှာ ဖြစ်စဉ်ဖြစ်ပွားသည့်နေ့က   အခင်းဖြစ်ပွားရာနေရာ၌ မရှိဘဲ တခြားနေရာအသီးသီးတွင်သာ ရှိကြသည်ဟု ယင်းသတင်းစာရှင်းလင်းပွဲတွင် ဖမ်းဆီးခံနေရသူများ၏ သူငယ်ချင်းများကဆိုကြသည်။

“အခုလိုဖမ်းတာဟာ ဘာမှအဓိပ္ပာယ်မှ မရှိဘူး။  ဖြစ်စဉ်ဖြစ်တဲ့အချိန်က ကျွန်တော်တို့နဲ့(၅) ယောက်နဲ့ အတူရှိနေတာပါ။ သူ(ခိုင်ဘိုဘို)နဲ့ ကျွန်တော်ဟာ ည ၈ နာရီကျော်ကတည်းက စစ်တွေဟိုတယ် စားသောက်ဆိုင်မှာ ရှိနေပါတယ်။ ဒီအမှုက ဘိုဘိုနဲ့ ဘာမှ မသက်ဆိုင်ပါဘူး”ဟု ခိုင်ဘိုဘို၏ သူငယ်ချင်း ကိုသန်းလှိုင်က ပြောသည်။

ယင်းအပြင် ရခိုင်အမျိုးသားပါတီဝင် မေယုထွန်းမှာလည်း ဖိုးလုံးသေဆုံးသည့်နေ့က  စစ်တွေတွင်မရှိဘဲ ရသေ့တောင်မြို့နယ် ကံပြင်ကျေးရွာတွင် ANPပါတီများနှင့်အတူ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွင် ရှိနေကြောင်း ရခိုင်အမျိုးသားပါတီက ကိုခိုင်မိုးထွန်းက DMG ကိုပြောသည်။

ကိုအောင်ချေမှာလည်း အဆိုပါနေ့က သူ၏နေအိမ်တွင် စာဖတ်နေကြောင်း၊ ဖိုးလုံးသေဆုံးသည့် သတင်းကြောင့် ဆေးရုံကိုသွားကြည့်ရှုခဲ့သည်ဟု အဖမ်းမခံရမီ DMG ကိုပြောခဲ့သည်။

စက်တင်ဘာလ ၂၅ ရက်နေ့က စစ်တွေမြို့ဝင်္ကဘာကွင်း ဈေးပွဲတော်တွင် အမည်မသိသူတစ်ဦးက ကိုဖိုးလုံးအား သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခဲ့ကာ ဆေးရုံသို့ မရောက်မီ သေဆုံးသွားခဲ့သည်။ 

ဖမ်းဆီးခံနေရသည့် လူငယ်သုံးဦးအား စစ်တွေနယ်မြေရဲစခန်းတွင် (ပ)၉၀/၂၀၁၈ ၊ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး စစ်တွေမြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားသည်။