(သံတွမြို့မှာ ရခိုင်ဂျာနယ်လစ်ကွန်ယက်ရက်မှ ဆုတောင်းပွဲပြုလုပ်စဉ်။ ဓါတ်ပုံ - မျိုးမြင့်ဇော်/DMG)

ဇူလိုင် ၇ ရက်၊ ၂၀၁၇ ခုနှစ် (DMG)။   ။  တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နယ်မြေ တွင် ဇွန် ၂၆ရက် က ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာမူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ သတင်းသွားယူပြီး ပြန်လာသည့် ဧရာဝတီသတင်းဌာနမှ ဦးသိန်းဇော် (ခ) လဝီနှင့် DVB သတင်းဌာနသတင်းမှ ဦးအေးနိုင်နှင့် ဦးပြည်ဘုန်းနိုင်(ခ) ပြည်ဘုန်းအောင်တို့ ၃ ဦးကို အစိုးရတပ်မတော်မှ မတရားအသင်းနှင့် ဆက်သွယ်သည်ဟုဆိုကာ ပုဒ်မ ၁၇/၁ ဖြင့် အမှုဖွင့်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါထောင်တွင် ဖမ်းစီးထိန်းသိမ်းထားခြင်းကို ပြန်လည်လွှတ်ပေးရန် အတွက် ရခိုင်ဂျာနယ်လစ်ကွန်ရက်မှ ရခိုင်ပြည်နယ် သံတွဲခရိုင်တွင် ဆန္ဒပြုဆုတောင်းပွဲပြုလုပ်လျှက် ရှိကြောင်းသိရသည်။

သံတွဲမြို့ အောင်မြေသာစည် ဘုန်းကြီးကျောင်းတွင် ဇူလှိုင် ၇ ရက် နံနက်ပိုင်းက ရခိုင်ဂျာနယ်လစ်ကွန်ရက်မှ ဖမ်းစီခံသတင်းသမားသုံးဦး လွှတ်မြောက်ရေးအတွက် ရည်ရွယ်ကာ ကျောင်းထိုင်ဘုန်ကြီးအား ဆွမ်းကပ်လှူတန်း ဆုတောင်းပွဲပြုလုပ်ခဲ့ပြီး သတင်းသမားသုံးဦးအား လွှတ်ပေးရန် တောင်းဆိုသည့် ကြေညာချက်တစ်စောင်ကိုပါ ထုတ်ပြန်ခဲ့ကြောင်း ရခိုင်ဂျာနယ်လစ်ကွန်ရက် (RJN) မှ သံတွဲခရိုင်တာဝန်ခံ ကိုနေဇော်က DMG သို့ပြောသည်။

'' ပုဒ်မ ၆၆ဃ ပြင်စင်ရေးနဲ့ ဖမ်းစီးခံသတင်းသမားများ လွတ်မြောက်ရေးအတွက်လုပ်တာပါ။ အစီအစဉ် ကတော့ အထွေအထူးတော့ မရှိပါဘူး။ အောင်မြေသာစည်ကျောင်းတိုက်မှာ ဆရာတော်ဆီက သြဝါဒခံယူပြီးတော့ ဆုတောင်းပွဲလုပ်တယ်။ ကြေညာချက်တစ်စောင်ထုတ်တယ်။ ဒီလောက်ပါပဲ။ '' ဟု ၄င်းက ပြောသည်။

ရခိုင်ဂျာနယ်လစ်ကွန်ရက်အနေဖြင့် ဖမ်းစီးခံသတင်းသမားများ လွတ်မြောက်ရေးအတွက် ဆန္ဒပြုဆုတောင်းပွဲကို ရခိုင်ပြည်နယ်တွင် သံတွဲခရိုင်တစ်ခုတည်းတွင်သာ လုပ်ဆောင်နိုင်သေး ကြောင်း ရခိုင်းဂျာနယ်လစ်ကွန်ရက် (RJN) မှ သံတွဲခရိုင်တာဝန်ခံ ကိုနေဇော်က ဖြည့်စွပ်ပြောပြသည်။

ရခိုင်းဂျာနယ်လစ်ကွန်ရက် (RJN) မှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်၏ အနှစ်ချုပ်မှာ တပ်မတော်အကြီးကဲများ နိုင်ငံတော်အကြီးအကဲများပင်လျှင် NCA တွင် လက်မှတ်မထိုးထားသည့် အဖွဲ့ များဖြင့် တွေ့ ဆုံညိုနှိုင်းပြောဆိုမှုများရှိနေပြီး NCA တွင် လက်မှတ်မထိုးထားသည့်အဖွဲ့ ထံ သတင်းသွားယူသည်ကို မတရားအသင်းဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့် သတင်းထောက်များကို အရေးယူမှုမှာ လုံးဝလက်ခံနိုင်စရာမရှိသလို လုံးဝမဖြစ်သင့်သည့်အတွက် ဖမ်းစီးခံထားရသည့် သတင်းသမား ၃ ဦး အမြန်လွတ်ပေးရန် ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဖမ်းစီးခံသတင်းသမား ၃ ဦးနှင့် ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နှင့် ဖမ်းဆီးခံရတဲ့ သတင်းထောက် ၃ ဦး ကိစ္စဆိုပြီး ဘောင်ကျဉ်းမကြည့်ဘဲ ဒီမိုကရေစီနှင့်မညီညွတ်လျှင် ဒီဥပဒေများကို ပြင်ဆင်ရမည်ဟု ရိုက်တာသတင်းဌာန၏ မေးမြန်းမှုကို ဖြေဆိုထားသည်။

ဖမ်းဆီးခံ သတင်းသမားသုံးဦးနှင့် ပတ်သတ်ပြီး ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ပုဒ်မ ၁၇/၁ ဟာ မြန်မာနိုင်ငံမှာ ၁၉၀၈ ခုနှစ်က ပြဋ္ဌန်းခဲ့ခြင်းဖြစ်ပြီး အန္ဒိယနိုင်ငံ၏ အက်ဥပဒေတစ်ခုဖြစ်ကြောင်း အန္ဒိယနိုင်ငံတွင် ယင်းဥပဒေကို ပြင်စင်ထားပြီးဖြစ်ကြောင်း ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ရင်ကြားစေ့ရန် ကြိုးစားနေချိန်တွင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ ပြောဆိုသင့်ကြောင်း သဘောထားထုတ်ပြန်ထားသည်။

Author: မျိုးမြင့်ဇော်