(မြန်မာ့တပ်မတော်မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးမှာ တွေ့ရစဉ်။ ဓါတ်ပုံ - ကောင်းကောင်း/DMG)
မေလ ၂၇ ရက်၊ ၂၀၁၇ ခုနှစ်၊ နေပြည်တော် (DMG) ။ ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ကဏ္ဍကြီး ၅ ခုအောက်ရှိ လုံခြုံရေးကဏ္ဍအတွက် ရခိုင်အမျိုးသားပါတီ (ANP) ၏ ဖယ်ဒရယ်ပြည်ထောင်စုတပ်မတော်ဆိုသည့် အသုံးအနှုန်းအား တပ်မတော်မှကန့်ကွက်ကြောင်း ANP မှ သိရသည်။
ရခိုင်အမျိုးသားပါတီ(ANP)၏ ဒုဥက္ကဌဦးခိုင်ပြည်စိုးက “ လုံခြုံရေးကဏ္ဍမှာ အဓိကက တစ်ခုတည်းသော တပ်မတော်ထားရှိရေးမူဝါဒခေါင်းစဉ်အောက်မှာ ဆွေးနွေးရပါတယ်။ ကျွန်တော်တို့ပါတီက တင်တဲ့ဟာကတော့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို အာမခံချက်ရှိသောဖယ်ဒရယ်ပြည်ထောင်စု တပ်မတော်မူဝါဒကို တင်ပါတယ်။ တခြားပါတီတွေကလည်း အဲဒါနဲ့ဆင်တူတဲ့ဟာတွေကို တင်ကြပါတယ်။ EAO တွေကလည်း ဒီသဘောကိုပြောကြပါတယ်။ တစ်ခုတည်းသော တပ်မတော်ထားရှိရေးဆိုတာကိုတော့ မူအရလက်ခံကြပါတယ်။ စကားလုံးရှေ့ကနည်းနည်းဝိဂြိုဟ်ပြုတဲ့စကားလုံးတွေ ထပ်ထည့်မယ့်ဟာတွေကို သူတို့က သဘောမတူပါဘူး။ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့သဘောထား ကွဲလွဲမှုတွေဖြစ်တယ်။ ” ဟု DMGသို့ ဆိုသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ပထမအစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီ (ANP)မှ ဖတ်ကြားတင်သွင်းသည့် အကြံပြုစာတမ်း၏ လုံခြုံရေးကဏ္ဍ အချက် ၆ ချက်ထဲတွင် "ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်သည် ပြည်နယ်အမျိုးသားတပ်မတော်များအား အခြေခံရ ဖွဲ့စည်းရမည်။" ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
"ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးကြတဲ့အခါမှာ ညှိနှိုင်းလို့မရဘူး။ ညှိနှိုင်းလို့မရတာကြောင့် ဒီနေ့မှ ဆက်ဆွေးနွေးကြမယ်ဆိုပြီး ယာယီရပ်လိုက်ပါတယ်။ ကျွန်တော်တို့ ပြောချင်တာက ဒီ ၂၁ ပင်လုံဟာ ၄၇ ပင်လုံရဲ့ ပျော့ကွက် ဟာကွက်လေးတွေကြောင့် ပြည်တွင်းစစ်ဖြစ်ရတယ်။ ဒီပြည်တွင်းစစ်ကြောင်း နိုင်ငံတစ်ခုလုံး ဆင်းရဲနွမ်းပါးရတယ်။ ဒီပြည်တွင်းစစ်ငြိမ်းမှပဲ ဆင်းရဲနွမ်းပါးမှုက အကုန်လုံး ကင်းဝေးကြရမယ်ဆိုတဲ့ အမြင်တွေနဲ့ ၂၁ ပင်လုံကို လုပ်တယ်လို့ပဲ သဘောပေါက်ပါတယ်။ အဲဒါကြောင်း ဒီ ၂၁ ပင်လုံကိုလုပ်တဲ့အခါမှာ ဘာမဟုတ်တဲ့ စကားလုံးတစ်လုံးလေးတောင်မှ ဆွေးနွေးတိုင်ပင်လို့မရဘူးဆိုရင် ရှေ့မှာတော်တော်လေး အခက်အခဲရှိမယ်လို့ ထင်ပါတယ်။ " ဟု သူက ဆက်ဆိုသည်။
မေလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့ထိ နေပြည်တော်တွင် ကျင်းပနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံဒုတိယအစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍ ခေါင်းစဉ် ၆ ခုမှ အချက် ၂၁ ချက်၊ စီးပွားရေးကဏ္ဍမှ ခေါင်းစဉ်ကြီး ၇ ခုမှ အချက် ၁၀ ချက်၊ လူမှုရေးကဏ္ဍအချက် ၄ ချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် အချက် ၆ ချက် စုစုပေါင်း ၄၁ ချက်နှင့် လုံခြုံရေးကဏ္ဍတို့ကို ဆွေးနွေးနေကြခြင်းဖြစ်သည်။
ယခုဆွေးနွေးနေကြသည့် လုံခြုံရေးကဏ္ဍတွင် တပ်မတော်သားကိုယ်စားလှယ်အဖြစ် တက်ရောက်ဆွေးနွေးနေသည့် ဗိုလ်မှူးကြီးစိုးဝင်းနိုင်က "တစ်ခုတည်းသော တပ်မတော်ထားရှိရေးက အဓိကကျပါတယ်။ ဒါကိုဆွေးနွေးနေတုန်းပါ။ကမ္ဘာမှာ တပ်မတော်တစ်ခုတည်းထားရှိရေးကိုတော့ အားလုံးလက်ခံပါတယ်။ ကျနော်တို့တပ်မတော်က တစ်ခုတည်းသောတပ်မတော်ထားရှိရေး တင်တာပဲ။ တစ်ခုတည်းထားရှိရေးပဲ ဆွေးနွေးနေရသေးတယ် ” ဟု မီဒီယာများအား ပြောသည်၊
ယခုဆွေးနွေးနေကြသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံဒုတိယအစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်နှင့် လုံခြုံရေးကဏ္ဍတို့ကို ဆွေးနွေးနေကြခြင်းဖြစ်ကာ ဆွေးနွေးသဘောတူညီချက်များအား ပြည်ထောင်စု ဆွေးနွေးညှိနှိုင်းရေးကော်မတီ (UPDJC) မှ တဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေးစာချုပ်တွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
" ကျွန်မတို့က ဖယ်ဒရယ်ပြည်ထောင်စုလို့ ပြောလိုက်တဲ့အခါမှာ လက်ရှိတည်ရှိနေတဲ့ ဥပဒေ လက်ရှိဖွဲ့စည်းပုံနဲ့ သိပ်ပြီးမကိုက်ညီဘူးလို့ မြင်ပါတယ်။ အပြင်က စောင့်ကြည့်နေသူ တစ်ယောက်အနေနဲ့ပါ။" ဟု ၂၁ရာစု ပင်လုံ ဒုတိယအစည်းအဝေးသို့ လေ့လာသူအဖြစ် တက်ရောက်လာသော AGIPP (Alliance for Gender Inclusion in Peace Process) မှ ဥက္ကဌမိကွန်ချမ်းနွန်က ပြောသည်။
အနိုင်ရပါတီ ကိုယ်စားလှယ်အဖြစ် လုံခြုံရေးကဏ္ဍတွင် တက်ရောက်ဆွေးနွေးနေသည့် ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဌ ဒေါက်တာအေးမောင်က"ကျွန်တော်ထင်တယ် လုံခြုံရေးကဏ္ဍမှာ အကြောင်းအရာနှစ်ခုပဲရှိတယ်။ တစ်ခုတည်းသော ပြည်ထောင်စုတပ်မတော်ထားရှိရေး မူဝါဒကလည်းပဲ ဆွေးနွေးဖို့ သဘောတူထားပါတယ်။ အဲဒီတော့ အဖြေပေါ့။ ပြည်သူ့တပ်မတော်ဆိုတဲ့ဟာကို ဆွေးနွေးကြမယ်လို့ မူအားဖြင့် လက်ခံတယ်။ ဆွေးနွေးတဲ့အခါမှာတော့ အခက်အခဲရှိပါတယ်။" ဟု DMG သို့ ဆိုသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် NCA စာချုပ်ပါ “နိုင်ငံရေးလမ်းပြမြေပုံ” သည် အခိုင်အမာသဘောတူပြဋ္ဌာန်းထားပြီး တိကျစွာလျှောက်လှမ်းရမည့် ပြည်ထောင်စု၏ ထွက်ရပ်လမ်းဖြစ်ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းမှ ကျန်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စိတ်ချယုံကြည်စွာ ဆောင်ရွက် နိုင်မှာဖြစ်ကြောင်း၊ သို့သော် လက်တွေ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် NCA ပါ အခြေခံမူများ၊ လမ်းပြမြေပုံ အစီအစဉ်များကိုကျော်လွန်ပြီး ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားထားသည်။




