
ဖဒူထွန်းအောင်၊DMG
အောက်တိုဘာလ ၉၊စစ်တွေ
စစ်ဘက်ရေးရာ လုံခြုံရေးတပ်(စရဖ)မှ တပ်ကြပ်ဝင်းထိုက်(ခေါ်)ဖိုးလုံး သေနတ်နှင့်ပစ်ခတ် သေဆုံးမှုကိစ္စဖြင့် ဘူးသီးတောင်မြို့နယ်က လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုအောင်ချေ(ခ) ကိုအောင်ဇော်လင်းကို စစ်တွေမြို့မရဲစခန်းက အောက်တိုဘာလ ၉ ရက်နေ့ ၊နေ့လည်ပိုင်းတွင် ဖမ်းဆီးလိုက်သည်။
ကိုအောင်ချေကို စစ်တွေတက္ကသိုလ်မှ စာမေးပွဲဖြေဆို၍ ကျောင်းဆင်းလာသည့်အချိန်တွင် စစ်တွေမြို့ ၊ မီးစက်ကြီးခွဆုံ၌ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ ဖိုးလုံးသေဆုံးမှုကိစ္စနှင့်ပတ်သတ်ပြီး ရရှိထားသည့် သတင်းအချက်အလက်အရ စစ်ဆေးရန် ဖမ်းဆီးခြင်းဟု စစ်တွေမြို့မရဲစခန်း၊ စခန်းမှူး ဦးအေးကျော်က ပြောသည်။
“ဥပဒေနဲ့အညီဆောင်ရွက်နေတယ်။ငါတို့ဘက်က ဥပဒေမဲ့ဘာမှမလုပ်ဘူး”ဟု ၎င်းကဆိုသည်။
ဖမ်းဆီးခံထားရသည့် ကိုအောင်ချေကို မိသားစုဝင်များက တွေ့ခွင့်မရသေးပေ။ မိသားစုဝင်များက ရဲစခန်းအနီးတွင် တွေ့ခွင့်ရရှိရန် ထိုင်စောင့်နေကြသည်။
“မိသားစုနဲ့ တွေ့ခွင့်မပေးသေးဘူး။ မစစ်ဆေးရသေးလို့ ”ဟု ဦးအေးကျော်က ဆိုသည်။
ကိုအောင်ချေကို စစ်တွေမြို့နယ်တရားရုံးတွင် အောက်တိုဘာလ ၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ရမန်ယူထားပြီး (ပ) ၉၀/၂၀၁၈ ၊ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ထားသည်။
ဖိုးလုံးပစ်သတ်ခံရမှုကြောင့် စစ်တွေမြို့က လူ ၃ ဦးနှင့် ရန်ကုန်က လူ ၂ ဦး ဖမ်းဆီးခံထားရပြီး ကိုအောင်ချေမှာ (၆)ယောက်မြောက် ဖမ်းဆီးခံရခြင်းဖြစ်သည်။
“ဖိုးလုံးသေနတ်ပစ်ခံရမှုကိစ္စ အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်နေဆဲကာလဖြစ်တယ်”ဟု ဦးအေးကျော်က ပြောသည်။
စက်တင်ဘာလ ၂၅ ရက်နေ့က ဖိုးလုံးသည် စစ်တွေဈေးရောင်းပွဲတော်တွင် သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံ ခံလိုက်ရသည်။ ယင်းကိစ္စနှင့်ပတ်သတ်ပြီး ကိုအောင်ချေကို စစ်တွေမြို့ အမှတ်(၂) ရဲစခန်းတွင် စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း ပထမတစ်ကြိမ် ခေါ်ယူစစ်ဆေးခဲ့ပြီး ပြန်လွှတ်ပေးလိုက်သည်။





