
ခိုင်ရိုးလ၊ DMG
နိုဝင်ဘာ ၅၊ စစ်တွေ
စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)မှ တပ်ကြပ်ဝင်းထိုက်(ခ)ဖိုးလုံး သေဆုံးမှုနှင့်ပတ်သက်၍ ဖမ်းဆီးခံထားရသူ လူငယ်သုံးဦးအား နိုဝင်ဘာလ ၅ ရက်နေ့တွင် စစ်တွေမြို့မရဲစခန်းမှ အာမခံဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်းသိရသည်။
ဖမ်းဆီးခံထားရသူများမှာ ကိုအောင်ဇော်လင်း(ခ) အောင်ချေ၊ မေယုထွန်းနှင့် ခိုင်ဘိုဘိုတို့ဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် အာမခံဖြင့်လွှတ်ပေးလိုက်ကြောင်း သိရသည်။ ၎င်းတို့တစ်ဦးချင်းစီအတွက် အာမခံ ကြေးမှာ သိန်း ၁၀၀ဖြစ်ပြီး သုံးဦးအတွက် အာမခံကြေး သိန်း ၃၀၀ ဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
သေဆုံးသွားသည့် ကိုဖိုးလုံးမှာ စက်တင်ဘာလ ၂၅ ရက်နေ့တွင် စစ်တွေမြို့ဝင်္ကဘာကွင်း ဈေးပွဲတော် အတွင်း သေနတ်ဖြင့်လုပ်ကြံခံလိုက်ရခြင်းဖြစ်ပြီး ၎င်းသေဆုံးမှုအတွက် စစ်တွေနယ်မြေ ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ထားခြင်းဖြစ်သည်။
ဖိုးလုံးသေဆုံးသည့်အမှုမှ တရားခံ မကြာမီဖော်ထုတ်နိုင်တော့မည်ဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ်ရဲမှူးကြီး ကြည်လင်းမှ အောက်တိုဘာလတွင် မီဒီယာများအားပြောဆိုထားသည်။




