ခိုင်ရိုးလ၊ DMG

အောက်တိုဘာ ၂၂၊ စစ်တွေ

စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)က တပ်ကြပ်ဝင်းထိုက်(ခ)ဖိုးလုံး သေဆုံးမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသူ လူငယ်သုံးဦးကို  အောက်တိုဘာလ ၂၂ ရက်နေ့တွင် ချုပ်ရမန်ပြည့်ပြီးဖြစ်သော်လည်း စစ်တွေမြို့နယ်တရားရုံးက ထပ်မံ ရမန် နှစ်ပတ်ယူလိုက်ကြောင်း ဖမ်းဆီးခံထားရသူ ကိုအောင်ချေက ပြောသည်။

ဖမ်းဆီးခံထားရသူ ကိုအောင်ဇော်လင်း(ခ)အောင်ချေ၊ မေယုထွန်းနှင့် ခိုင်ဘိုဘိုတို့အား ဆက်လက်စစ်ဆေးရန် အတွက် နိုဝင်ဘာလ ၅ ရက်နေ့အထိ ရမန်ယူထားခြင်းဟု ဖမ်းဆီးခံနေရသူများက ပြောသည်။

ယခုကဲ့သို့ ဖမ်းဆီးခြင်းမှာ နိုင်ငံရေး၊ လူမှုရေးများမှာ တက်ကြွလှုပ်ရှားနေသည့် လူငယ်များကို ဖြိုခွဲလိုက်ခြင်းဟု ကိုအောင်ချေက ပြောသည်။

“အစိုးရက လူငယ်တွေအပေါ်မှာ ချဉ်းကပ်မှုဟာ လွဲနေတယ်။ နိုင်ငံရေးလူမှုရေးတွေမှာတက်ကြွလှုပ်ရှားနေတဲ့ လူငယ်တွေကို ဖြိုခွဲလိုက်တာ။ တခြားနိုင်ငံမှာဆိုရင် လူငယ်တွေကို အားပေးအားထားပြုတဲ့အစိုးရရှိတယ်။ အခုက လူငယ်တွေကို အားပေးအားထားမပြုဘဲ ဥပက္ခပြုနေတယ်”ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံထားရသူ ကိုမေယုထွန်းမှာ ဖိုးလုံးသေဆုံးသည့်နေ့က  ပြည်သူ့လွှတ်တော်အမတ်၊ ပြည်နယ်လွှတ် တော်အမတ်တို့နှင့်အတူ ရသေ့တောင်မြို့နယ်တွင် ရခိုင်အမျိုးသား ပါတီအတွက် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို လုပ်ဆောင်နေသည်ဟု ပြောသည်။

“ အခုဖြစ်စဉ်မှာ ကျွန်တော်တို့လုံးဝမဟုတ်ဘူး။ အခုလိုဖမ်းဆီးတာဟာ နိုင်ငံရေးအရ တက်ကြွတဲ့လူငယ်တွေကို ဖြိုခွဲတယ်လို့ မြင်တယ်။ အစိုးရနေနဲ့ ဒီလိုမျိုးလုံးဝမလုပ်သင့်ဘူးလို့ ပြောချင်တယ် ” ဟု ကိုမေယုထွန်းက ဆိုသည်။

ကိုခိုင်ဘိုဘိုမှာလည်း ယင်းနေ့က စစ်တွေကမ်းခြေရှိ စားသောက်ဆိုင်တစ်ခုတွင် သူငယ်ချင်း ၅ ယောက်နှင့် အတူ ရှိနေသည်ဟု ပြောသည်။

ကိုအောင်ချေကို အောက်တိုဘာလ ၉ ရက်နေ့က စစ်တွေမြို့ မီးစက်ကြီးခွဆုံအနီး၌ စာမေးပွဲဖြေဆိုပြီး အပြန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။  ကိုမေယုထွန်းကို လောကနန္ဒာအနီးတွင်  အောက်တိုဘာလ ၁၀ ရက်နေ့က ဖမ်းဆီးခြင်းဖြစ်ပြီး ကိုခိုင်ဘိုဘိုကိုလည်း ယင်းနေ့တွင်ပင် ပေါက်တောမြို့မှာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့ကို ဖိုးလုံးသေဆုံးမှုနှင့်ပတ်သက်ပြီး ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ စစ်တွေမြို့မရဲစခန်းတွင် ဖမ်းဆီးထားခြင်းဖြစ်သည်။

စက်တင်ဘာလ ၂၅ ရက်နေ့က စစ်တွေမြို့ဝင်္ကဘာကွင်း ဈေးပွဲတော်တွင် အမည်မသိသူတစ်ဦးက ကိုဖိုးလုံးအား သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခဲ့ကာ ဆေးရုံသို့မရောက်မီ သေဆုံးသွားခဲ့သည်။ 

ယခုကဲ့သို့ ရခိုင်လူငယ်များအား သံသယဖြင့် ဖမ်းဆီးထားခံထားရမှုအပေါ်တွင် လျှင်မြန်တိကျ မှန်ကန် သော  စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး အပြစ်မရှိပါက အမြန်ဆုံးပြန်လွှတ်ပေးရန် ပေါက်တောမြို့နယ်က လူမှုအဖွဲ့အစည်း (၄)ဖွဲ့က တောင်းဆိုထားသည်။