
(ဖျက်သိမ်းခံမြေပေါ်တွင် လူနေအိမ်များ ပြန်လည်ဆောက်လုပ်နေခြင်းကြောင့် ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့သည့် ဒေသခံများအားတွေ့ရစဉ်။ ဓါတ်ပုံ - အောင်ကောင်းဇော်၊ DMG)
ရမ်းဗြဲမြို့နယ် အုန်းတစ်ပင်စုရပ်ကွက်မှ ဖျက်သိမ်းခံလိုက်ရသည့် မြေပေါ်တွင် လက်ရှိလူနေအိမ်များ ဆောက်လုပ်နေထိုင်နေခြင်းကို ကန့်ကွက်ကြောင်း ယနေ့မေလ ၂၄ ရက်နေ့တွင် ဖျက်သိမ်းခံခဲ့ရသူများမှ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
အဆိုပါ အုန်းတစ်ပင်စုရပ်ကွက်မှ နေအိမ်များကို ၁၉၈၉- ၁၉၉၀ မဝတလက်ထက်တွင် ဖျက်သိမ်းခဲ့ခြင်းဖြစ်ပြီး နေအိမ်ဖျက်သိမ်းခံခဲ့ရသည့် မိသားစုများကို သိမ်တောင်ရပ်ကွက်သို့ ပြောင်းရွှေ့ နေထိုင်စေခဲ့ခြင်းဖြစ်သည်။
ယခုအခါ ဖျက်သိမ်းခံခဲ့ရသည့်မြေအား အစိုးရထံလျော်ကြေးပေးပြီး ပုဂ္ဂလိကနေအိမ်များဆောက်လုပ် နေထိုင်လာမှုကို ယခင်နေအိမ်ဖျက်သိမ်းခံခဲ့ရသူများမှ မကျေနပ်သည့်အတွက် ဆန္ဒထုတ်ဖော် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဦးဆောင်ဦးရွက်ပြုသူ ဦးထွန်းကြည်မှပြောသည်။
ဦးထွန်းကြည်က “ အရင်တုန်းကတော့ ဒီဖျက်သိမ်းခံမြေပေါ်မှာ စီမံကိန်းရုံး၊ နာရေးရုံးတွေသာ ရှိပါတယ်။ အခု အစိုးရကိုလျှော်ကြေးပေးပြီး ပုဂ္ဂလိကအိမ်တွေဆောက်လာကြတယ်။ အရင် ဖျက်သိမ်းခံ ပြည်သူအနေနဲ့တော့ ဘာမှမရခဲ့ကြဘူး။ ဒါကြောင့် ဆန္ဒဖော်ထုတ်ကြတာဖြစ်ပါတယ်။ ” ဟု ပြောသည်။
ဖျက်သိမ်းခံခဲ့ရသည့်မြေပေါ်တွင် လူနေအိမ်များကို ၂၀၁၆ ခုနှစ်ကနေ စတင်ဆောက်လုပ်လာခဲ့ကြပြီး ဖျက်သိမ်းဖျက်သိမ်းခံခဲ့ရသူများအနေဖြင့် အစိုးရတိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာဖြေရှင်းပေးမှု မရှိကြောင်းလည်း ၎င်းကဆိုသည်။
ယခင်ကဖျက်သိမ်းခဲ့မှုကြောင့် ဘိုးဘွားပိုင်မြေနေရာများကိုစွန့်လွှတ်ခဲ့ရပြီး ယခုအခါ အခြားသူများ ငွေပေးနေအိမ်ဆောက်လုပ်လာမှုမှာ တရားမျှတမှုမရှိသည့်အတွက် တရားမျှတမှုကိုလိုချင်သည်ဟု ဆန္ဒဖော်ထုတ်ခဲ့သူများမှ ပြောဆိုကြသည်။
ယခင်မြေယာပိုင်ဆိုင်ခဲ့သူ ၂၀ ခန့်မှ ဆန္ဒဖော်ထုတ်ရာတွင် “ အုန်းတစ်ပင်စုရပ်ကွက်မြေ ငါတို့ရဲ့ ဘိုးဘွားပိုင်မြေ” “ ဘိုးဘွားတွေလက်ထက်ပိုင်ဆိုင်လာတဲ့မြေမှာ ငါတို့ကိုမောင်းထုတ်ပြီး တခြား လူကိုနေခွင့် ပေးတာတရားသလား” “ငါတို့ဖျက်သိမ်းခံမြေမှာ ပုဂ္ဂလိကအိမ်ဆောက်နေတာ အခု ချက်ချင်းရပ်ပေး” စသည့် ဆိုင်းဘိုးများကိုကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

(ဖျက်သိမ်းခံမြေပေါ်တွင် လူနေအိမ်များ ပြန်လည်ဆောက်လုပ်နေခြင်းကြောင့် ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့သည့် ဒေသခံများအားတွေ့ရစဉ်။ ဓါတ်ပုံ - အောင်ကောင်းဇော်၊ DMG)




