(သျှစ်သောင်းဘုရားမှ ထုက္ကံသိမ်ဘုရားအား မြင်တွေ့ရစဉ်။ ဓါတ်ပုံ - သားသျှေလေး/DMG)

မေလ ၁၁ ရက်၊ ၂၀၁၇ ခုနှစ်၊ မြောက်ဦး (DGM) ။     ။    ရခိုင်ပြည်နယ် မြောက်ဦး ရှေးဟောင်းသုတေသနဇုန်သို့ လာရောက်လာပတ်သည့် ပြည်ပခရီးသွားများ လျော့နည်းကျဆင်းလာခြင်းမှာ ဖွံ့ဖြိုးမှုအားနည်းချက်နှင့်အတူ ရာသီဥတု၊ လူမျိုးရေးပဋိပက္ခများကြောင့်ဟု ရခိုင်လွှတ်တော် ကိုယ်စားလှယ်များနှင့် ဟိုတယ်လုပ်ငန်းရှင်များမှ သုံးသပ်ပြောဆိုကြသည်။

ဒေသဖွံ့ဖြိုးရေး အားနည်းချက်ထဲတွင် ဆက်သွယ်သွားလာရေးကြောင့်လည်း လာရောက်လည်ပတ်သူ နည်းပါးခြင်းဖြစ်ကြောင်း မြောက်ဦးမြို့နယ် ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းစိုးအောင်က ဆိုသည်။

“ အဓိကက လမ်းပန်းဆက်သွယ်ရေးကြောင့်ပေါ့။ သွားလာရခက်ခဲတဲ့အတွက် ကုမ္ပဏီအများစုက မြောက်ဦးခရီးစဉ်ကို မရောင်းချင်ကြဘူး။ အဲဒါဟာ လက်ရှိဖြစ်နေတဲ့ အခြေအနေ။ ခရီးစဉ်ဆွဲတဲ့ အခါမှာလည်း ပုဂံကနေ အခြားနေရာကို သွားလာဖို့အတွက် လွယ်ကူတယ်။ မြောက်ဦးကို ပြန်လာမယ်ဆိုတော့ မကွယ်ကူတော့ဘူး။ ပုဂံနဲ့ မြောက်ဦးနှစ်ခုလုံးကို သွားလာဖို့ကမလွယ်ဘူး။ တစ်နေရာပဲ ရွေးချယ်ရတာများတယ်။ ပြည်ပခရီးသွားတဲ့အနေနဲ့ ရတဲ့အချိန်ကလည်း နည်းတာကြောင့်ပါ။ ” ဟု ဆိုသည်။

မြောက်ဦးဒေသသို့ လာရောက်လည်ပတ်သည့် ပြည်ပခရီးသည်များပြားလာစေရန်အတွက် ရန်ကုန်မှ ပုဂံ၊ ပုဂံမှ မြောက်ဦးစသည့် လေကြောင်းလိုင်းများ အဓိကလိုအပ်ကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က သုံးသပ်ပြောဆိုသည်။

“ ကျနော်တို့ သွားလာရခက်ခဲတဲ့ အတွက်လည်း ပါပါတယ်။ ရာသီဥတုကြောင့်လည်း ပါပါတယ်။ ခရီးသွားဝန်ဆောင်မှု ကောင်းဖို့လည်း လိုအပ်ပါတယ်။ လူမှုအသိုင်းအ၀ိုင်း နှစ်ခုရဲ့ ပဋိပက္ခကြောင့်ဆိုတာကို သိတယ်။ ဒါပေမဲ့ မြောက်ဦးဟာ တည်ငြိမ်အေးချမ်းတယ်ဆိုတာကို  သူတို့တွေမသိကြတဲ့ အချက်ကြောင့်လည်း ပါပါတယ်။ ” ဟု ၄င်းကဆိုသည်။

မြောက်ဦးဒေသမှာ နယ်မြေဒေသ အေးချမ်းမှုရှိသော်လည်း ရခိုင်ပြည်နယ်တစ်ခုလုံး အနေအထားများနှင့် နိုင်ငံတကာ မီဒီယာမျက်နှာစာများကြောင့်လည်း အနည်းငယ်သက်ဆိုင်ကြောင်း ခရီးသွားလာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းစိုးအောင်က ဆိုသည်။

“ ကျနော်တို့ ရခိုင်ဆိုတာနဲ့ စိုးရိမ်မှု အချို့ရှိသလို မြောက်ဦးဒေသဟာ အခြားဒေသမှာ ၀န်ဆောင်မှုတွေထက် အနည်းငယ်ညံ့ပေမယ့် ဈေးနှုန်းပိုင်းဆိုင်ရာမှာ အနည်းငယ်ကြီးမြင့်ခင်းကြောင့်လည်း သက်ဆိုင်မှုရှိပါတယ်။ ” ဟုပြောဆိုသည်။

မြောက်ဦးသို့ ခရီးသွားများလာရောက်လည်ပတ်မှု အများဆုံးကာလမှာ အောက်တိုဘာလမှ ဧပြီလခန့်သာဖြစ်ကာ ကျန်ရှိနေသည့်အချိန်တွင် မရှိသလောက်နည်းပါးကြောင်းလည်း ဆိုသည်။

မြောက်ဦးသို့ လာရောက်လည်ပတ်သည့် ပြည်ပခရီးသွားများမှာ ၂၀၁၅ ခုနှစ်အတွင်း ၄၀၇၇  ဦးခဲ့ရှိကာ ၂၀၁၆ ခုနှစ်မှာ ၃၄၉၆ ဦးရှိပြီး ၂၀၁၅ ခုနှစ်တွင်း အစိုးရခွင့်ပြုချက်ရ ဟိုတယ်များမှ စာရင်းအရ မြန်မာကျပ်ငွေ ၂၃၄၁၅၁၉၈၀ ကျပ်၊ ကန်ဒေါ်လာ ၁၆၈၃၃၀ ဖြစ်ကာ ၂၀၁၆ ခုနှစ်တွင် မြန်မာကျပ်ငွေ ၁၁၈၅၄၆၀၆၃ ကျပ်၊ ကန်ဒေါ်လာ ၂၇၃၉၅၂ ရှိကြောင်းနှင့် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်ကာလတူ နှိုင်းယှဉ်လျှင်လည်း အနည်းငယ်ကျဆင်းကြောင်း ဦးစိုးမင်းအောင်မှ ပြောဆိုသည်။