နေရောင်မင်း | DMG

ဇူလိုင် ၁၅၊ စစ်တွေ

မောင်တောဒေသတွင် အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးသွားသည့် နေရပ်စွန့်ခွာသူ ၂၂,၄၃၂ ဦးစာရင်းကို မြန်မာကိုယ်စားလှယ်အဖွဲ့အား ပေးအပ်လိုက်ရာတွင် စုစုပေါင်း ၁၈,၆၂၉ ဦးအား စိစစ်မှု ဆောင်ရွက်ပြီးဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် ဘင်္ဂလား‌‌‌‌ဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့၌ ပြုလုပ်ခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူများ ပြန်လည်ခေါ်ယူရေးဆိုင်ရာ မြန်မာ – ဘင်္ဂလားဒေ့ရှ် တတိယအကြိမ်မြောက် ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ နေရပ်စွန့်ခွာသူ ၂၂,၄၃၂ ဦးစာရင်းကို မြန်မာကိုယ်စားလှယ်အဖွဲ့အား ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ယင်းစာရင်းအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ယခုနှစ်၊ဇူလိုင်လ ၁၀ ရက်နေ့အထိ စိစစ်ခဲ့ခြင်းဖြစ်သည်။ ပြန်လည် ဝင်ရောက်လာသူများအား နေရာချထားရာတွင် အဆင်ပြေစေရန်အတွက် စိစစ်ပြီးသူများအား ကျေးရွာအလိုက် ပြန်လည်စာရင်းပြုစုပြီး အသုတ်အလိုက် ပေးပို့လျက်ရှိရာ သတ္တမအသုတ်အထိ ကျေးရွာအလိုက် စိစစ်ပြီးသူ ၃,၄၅၀ ဦးစာရင်းအား ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဇူလိုင်လ ၁၁ ရက်နေ့တွင် ပေးပို့ပြီးဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က မောင်တောဒေသရှိ ရဲကင်းစခန်းများကို ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက် ခဲ့သောကြောင့်  မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မွတ်ဆလင် (၇)သိန်းကျော် ထွက်ပြေးသွားခဲ့ရသည်ဟု ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများက ပြောဆိုထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြသည့် မွတ်ဆလင်များကို ပြန်လည်လက်ခံရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကြား သဘောတူညီမှုရရှိခဲ့သဖြင့် ၂၀၁၈ ခု၊  နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြန်လည်လက်ခံရန် မြန်မာဘက်က  ပြင်ဆင်ခဲ့ကြသည်။ သို့သော်လည်း ပြန်လည်ဝင်ရောက်လာခြင်း မရှိခဲ့ပေ။

Author: Admin