
ချလူးအောင်၊ DMG
မောင်တော၊ စက်တင်ဘာလ ၉
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သွားမည့် ဘင်္ဂလီ (၅) ဦးကို ပွဲစားနှင့်အတူ မောင်တော၊ နယ်စပ်ခြံစည်းရိုး လမ်းပေါ်မှာ စက်တင်ဘာလ (၆) ရက်နေ့က ဖမ်းဆီးလိုက်သည်။
မင်္ဂလာကြီးချောင်းဝ ကင်းစခန်းမှ ဝပ်ကင်းဆောင်ရွက်နေစဉ် မိကျောင်းတက်ကျေးရွာဘက်မှ လယ်ကွင်းအားဖြတ်ပြီး နယ်စပ်ခြံစည်းရိုးလမ်းပေါ်သို့တက်ရောက်လာသည့် လူ(၁၁)ဦးအားတွေ့ရှိ၍ မင်္ဂလာကြီး (၂) ၊ချောင်းဝ ကင်းစခန်းသို့ခေါ်ဆောင်လာခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် သာစည်ကျေးရွာမှ ပွဲစား (၅)ဦး နှင့် မီးကျောင်းတက်ကျေးရွာမှ ပွဲစား (၁)ဦးတို့က ဘူသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့မှ ဘင်္ဂလီ ကျား(၄)ဦး မ(၁)ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ပေးရန် စီစဉ်နေခြင်းဟု တွေ့ရှိရသည်။ ယင်းကြောင့် ၄င်းတို့အားဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဟု မင်္ဂလာကြီးကျေးရွာ ချောင်ဝစခန်းမှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက သည်။
အကြမ်းဖက်မှုဖြစ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူများကို မြန်မာအစိုးရအနေဖြင့် ပြန်လည် လက်ခံရန် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့က အဆင်သင့်ဖြစ်နေကြောင်း ကြေငြာထားသည်။ ယင်းကဲ့သို့ ကြေငြာပြီးနောက်ပိုင်းမှာ မောင်တောမှာနေထိုင်သည့် ဘင်္ဂလီများအနေဖြင့် တစ်ဖက်နိုင်ငံသို့ သွားရောက်ရန် ပြင်ဆင်ခြင်းလည်း ဖြစ်သည်။
မောင်တောဒေသမှာ ARSA အကြမ်းဖက်သမားအဖွဲ့က ရဲကင်းစခန်းများကို တိုက်ခိုက်မှုပြုလုပ်ခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ သေဆုံးခဲ့သည်။ ယင်းကြောင့် တပ်မတော်အနေဖြင့် အင်အား အများအပြားဖြင့် စစ်ဆင်ရေးပြုလုပ်ခဲ့သည်။ ယင်းသို့ စစ်ဆင်ရေးပြုလုပ်မှု ကြောင့် ဘင်္ဂလီ ၇ သိန်းကျော် ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ရသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။




