(ဧပြီ ၁၉ ရက်နေ့ကပြုလုပ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ခ်ဘဇားသို့သွားရောက်ခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ။ ဓါတ်ပုံ - ရွှေထက်)

ရွှေထက်၊ ဧပြီလ ၂၀ ရက်၊ ၂၀၁၈ ခုနှစ်။   ။  ဘင်္ဂလားဒေ့ရှ်ဘက်သို့ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရာတွင် ဘာသာလူမျိုးခွဲခြားမှုမရှိဘဲ၊ မြန်မာနိုင်ငံတွင် နေထိုင်ဖူးသူများကိုသာ လက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက ပြောသည်။

“ ကျွန်တော်တို့မှာ ပုံစံရှိပါတယ်၊ ဘယ်သူရယ်ဘယ်ဝါရယ်လို့ ဆိုပြီးတော့ လက်ခံတာမဟုတ်ပါဘူး၊ အဲ့ဒီပုံစံမှာ သူကြိုက်တာသူထည့်၊ ကျွန်တော်တို့က ဘာသဘောတူထားလဲဆိုတော့၊ ဒီ(မြန်မာ) နိုင်ငံမှာ နေခဲ့ဖူးတဲ့သူဖြစ်ရမယ်၊ ဒီနိုင်ငံသားဖြစ်စရာမလိုဘူး။ ဒီနိုင်ငံမှာနေခဲ့ဖူးတဲ့ အထောက်ထားရှိတယ်ဆိုရင် အဲ့ဒီလူတွေ လက်ခံသွားမယ်။ ” ဟု ၄င်းက ဆိုသည်။  

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ဧပြီ ၁၉ ရက်နေ့ကပြုလုပ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ခ်ဘဇားသို့သွားရောက်ခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့သည် ဒုက္ခသည်များပြန်လည်လက်ခံရေးအတွက် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလကတည်းက ဆွေးနွေးသဘောတူခဲ့ကြသည်။

လက်ရှိတွင် မြန်မာအစိုးရအနေဖြင့် ဒုက္ခသည်များကို ပြန်လည်လက်ခံရန်အတွက် အဆင်သင့်ဖြစ်သော်လည်း ပြန်လည်ဝင်ရောက်လာခြင်းမရှိသည့်အတွက် ဧပြီ၁၁ ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဖ်ဘဇားသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ဒေါက်တာဝင်းမြတ်အေးက “ ဒီမှာနေခဲ့ဖူးသူတွေကိုလည်း ဦးရေသတ်မှတ်ချက်မရှိပဲ၊ နှစ်နိုင်ငံ သဘောတူထားတဲ့အတိုင်း စာချုပ်ထဲမှာပါတဲ့အတိုင်း ပြန်လက်ခံဖို့ ဆန္ဒရှိတယ်၊ နှောင့်နှေးတဲ့အကြောင်းက ပုံစံတွေကို သူတို့ပုံစံတကျဖြည့်ထားတာမရှိဘူး၊ ဖြည့်ပြီးတော့ ပို့တဲ့ပုံစံတွေကလည်း ပုံစံမကျလို့ ကျွန်တော်တို့မှာ စစ်ဆေးရတာခက်တယ်၊ ဒါကြောင့်ကြန့်ကြာနေတယ်ဆိုတာ အဖြေကထွက်ခဲ့ပါတယ်။ ” ဟု ၄င်းက ဆိုသည်။

ကော့ဖ်ဘဇားခရီးစဉ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့်လည်း တွေ့ဆုံခဲ့ကာ ကြန့်ကြာနေသည့် ကိစ္စရပ်များကို ဖြေရှင်းပေးနိုင်ရန် ညှိနှိုင်းခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလအတွင်းတွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူ ၈ ထောင်ကျော်၏ ဖောင်ပုံစံများကို လက်ခံရရှိခဲ့ကာ၊ ၆၀၀ ကျော်သည် ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့သည့် အထောက်အထားများတွေ့ရှိခဲ့ကြောင်း၊ ပြန်လာရန်ဆန္ဒပြုသည့် ဟိန္ဒူဘာသာဝင် ၅၀၀ ကျော်ကို မြန်မာအစိုးရဖက်မှ အတည်ပြုထားကြောင်း၊ ယင်းအပြင် စိစစ်အတည်ပြုပြီးသည့် မူဆလင် ၇၅၀ စာရင်းကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရသို့ ပေးပို့ခဲ့ကြောင်းနှင့် ယခုအချိန်အထိ အကြောင်းပြန်ကြားမှုမရှိသေးကြောင်း ဦးကျော်တင့်ဆွေက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

(ဧပြီ ၁၉ ရက်နေ့ကပြုလုပ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ခ်ဘဇားသို့သွားရောက်ခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ။ ဓါတ်ပုံ - ရွှေထက်)