ခင်သရဖီဦး၊ DM

G

စက်တင်ဘာ ၁၉၊ စစ်တွေ

ရမ်းဗြဲမြို့နယ်၊ကျောက်နီမော်ကျေးရွာတွင် ဘင်္ဂလီများကို ကမန်တိုင်းရင်းသားအမည်ဖြင့် နိုင်ငံသား စိစစ်ရေးကဒ် ထုတ်ပေးထားခြင်းအား အစိုးရအနေဖြင့် ပြန်လည်စိစစ်ပြီး မသမာပြုလုပ်ထားသူများကို ဖော်ထုတ်ကာ ထိရောက်စွာ အရေးယူပေးရန် ကမန်တိုင်းရင်းသားများက စက်တင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

နေပြည်တွင် လဝက ရုံးချုပ်မှ တိုက်ရိုက်လာပြီး ကမန်တိုင်းရင်းသားအမည်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ် ပြား (၃၃၀၆) ဦးကို ထုတ်ပေးလိုက်ခြင်းအား ကမန်တိုင်းရင်းသားများက လုံးဝလက်ခံနိုင်ခြင်း မရှိဟု ဆိုသည်။

ယခုကဲ့သို့ အထောက်အထားခိုင်လုံမှုမရှိဘဲ နိုင်ငံသားစိစစ်ရေးကဒ်ကို လိမ်လည်ရယူထားသည့် ရပ်မိ ရပ်ဖဆိုသူများက ထောက်ခံပေးချက်ဖြင့် နိုင်ငံသား စိစစ်ရေးကဒ်ပြားရယူခြင်းသည် လိမ်လည်၍ ရယူခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်မှာဖော်ပြသည်။

“၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် ပြဿနာအရပ်ရပ်ဟာ လဝက ဌာနရဲ့ နိုင်ငံသားဖြစ်မှုအပေါ် ပွင့်လင်းမြင်သာစွာ လုပ်ဆောင်မှုအားနည်းချက်တွေကြောင့် တစ်စိတ်တစ်ပိုင်းပါဝင်ပတ်သတ် နေတယ်လို့ သုံးသပ်ပါတယ်” ဟု ယင်းထုတ်ပြန်ချက်မှာ ဆိုထားသည်။

ယခုကဲ့သို့ကန့်ကွက်ရခြင်းမှာ ဘင်္ဂလီများကို ကမန်အမည်ဖြင့် အလွဲသုံးစားပြုလုပ်၍ နိုင်ငံသား ကဒ်ပြား ထုတ်ပေးခြင်းကို ကန့်ကွက်ခြင်းဖြစ်ပြီး ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကဒ်ပြား ထုတ်ပေးခြင်းကို ကန့်ကွက်နေခြင်း မဟုတ်ဟုပြောထားသည်။

ဘင်္ဂလီများကို ကမန်အမည်ဖြင့် မှတ်ပုံတင်ထုတ်ပေးနေခြင်းအား ဒေသခံ ရခိုင်များ၊ကမန် များ၊သက်ဆိုင်ရာ ပုဂ္ဂိုလ်များ ပူးပေါင်းအဖွဲ့၏ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာအောင် ပြန်လည် စိစစ်ပေးဖို့လည်း ကမန်များက တိုက်တွန်းထားသည်။

ကျောက်နီမော်ကျေးရွာတွင် ကမန်အမျိုးသားတိုးတက်ရေးပါတီက ကောက်ခံပြုစုထားသည့်စာရင်း အရ ကမန်လူမျိုး (၂၅၀) သာရှိသည်။

ဘင်္ဂလီများကို ကမန်အမည်ဖြင့် မှတ်ပုံတင်ထုတ်ပေးခြင်းနှင့်ပတ်သတ်ပြီး ပြန်လည်စိစစ်ပေးရန် နိုင်ငံတော်သမ္မတထံသို့ ကမန်အမျိုးသားတိုးတက်ရေးပါတီက ယခုလအတွင်း တင်ပြထားသည်။