ဘင်္ဂလီများပြန်လည်လက်ခံရေးအတွက် ဌာနဆိုင်ရာများ တောင်ပြိုလက်ဝဲစခန်းတွင် အဆင်သင့်ဖြစ်နေကြသည်။ (ဓာတ်ပုံ - Iprd Taungbro)
နိုဝင်ဘာ ၁၅ ရက်၊ ၂၀၁၈ ခုနှစ်၊ နေရောင်မင်း(စစ်တွေ) / DMG
ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂလီများ ပြန်ဝင်ရန် မသေချာဟု သတင်းများထွက်ပေါ်နေသော်လည်း အစိုးရအနေဖြင့် ပြန်ဝင်လာလျှင် အဆင်သင့်ဖြစ်စေရန်အတွက် စီစဉ်ထားသည်ဟု ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ဆိုသည်။
ဘင်္ဂလီများ ပြန်လည်လက်ခံရေးအတွက် မောင်တော၊တောင်ပြိုလက်ဝဲလက်ခံရေးစခန်းတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများက နံနက်ပိုင်းကစတင်ကာ အဆင်သင့်ပြုလုပ်ထားသည်။
“ ပြန်လည်လက်ခံဖို့အတွက် ဒေါက်တာဝင်းမြတ်အေးလည်း ဒီနေ့လာလိမ့်မယ်ထင်တယ်။ ကျနော်တို့ ပြည်နယ်အစိုးရအဖွဲ့ကလည်း ဌာနဆိုင်ရာတွေကလည်း အဆင်သင့်လုပ်ထားတယ်။ ဒါပေမယ့် သူတို့ ဝင်လာမယ်၊ မဝင်လာဘူးဆိုတာ သူတို့အပိုင်းပေါ့ ” ဟု ဦးဝင်းမြင့်က ပြောသည်။
ဘင်္ဂလီများ ပြန်ဝင်၊ မဝင်ကိစ္စနှင့် ပတ်သက်ပြီး တိကျသည့်အဖြေတစ်ခုကို ပြည်နယ်အစိုးရကလည်း မသိရှိပေ။ သို့သော် ၎င်းတို့ပြန်ဝင်လာလျှင် အဆင်သင့်မဖြစ်သေးပါက အပြစ်ရှာမည်ကို စိုးရိမ်သောကြောင့် ပြန်လည်လက်ခံရေးကို ပြည်နယ်အစိုးရက အဆင်သင့်ပြုလုပ်ထားသည်။
“ သူတို့ဝင်လာလို့ လက်မခံပါဘူးဆိုရင် သူတို့အပြစ်ထပ်ရှာမှာ။ အဲဒါကြောင့် အဆင်သင့်လုပ်ထားရတာပဲ ” ဟု ဦးဝင်းမြင့်က ဆိုသည်။
ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂလီများကို မူလက နိုဝင်ဘာလ ၁၅ ရက်နေ့တွင် နှစ်နိုင်ငံသဘောတူညီချက်အရ ပြန်ပို့မည်ဟု စီစဉ်ထားသော်လည်း လက်ရှိတွင် မြန်မာပြည်သို့ ပြန်ပို့တော့မည်မဟုတ်ဟု သတင်းဌာန အသီးသီးက ရေးသားထားကြသည်။
ဘင်္ဂလီများ ပြန်လည်လက်ခံရေးနှင့် ပတ်သက်ပြီး အဆင့်သင့်မဖြစ်သေးဟုဆိုကာ အစီအစဉ်အား ချက်ချင်းရပ်တန့်ထားရန် နိုင်ငံတကာအသိုင်းအဝိုင်းများက တောင်းဆိုမှုများရှိသည်။




