သြဂုတ်လ (၂၅) ရက်၊၂၀၁၈ ခုနှစ်၊DMG/ခိုင်ရိုးလ။

လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်သြဂုတ်လတွင် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်အတွင်း ARSA ဘင်္ဂလီအကြမ်းဖက်သမားများ၏ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားခဲ့ရသော လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဟိန္ဒူ၊ မြိုနှင့် ရခိုင်တိုင်းရင်းသားအတွက် လှူဒါန်းအမျှဝေခြင်း နှစ်ပတ်လည် အခမ်းအနားကို စစ်တွေမြို့ပေါ်ရှိ အတုလမာရဇိန်ဘုရားကြီးရင်ပြင်၌ သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှာ ရခိုင်အမျိုးသားပါတီ ANP မှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းနားကို လွန်ခဲ့သောနှစ်မှ ဘင်္ဂလီအကြမ်းဖက်သမားတို့၏ ရက်စက်စွာသတ်ဖြတ်ခံရမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊  ဟိန္ဒူ၊ မြိုနှင့် ရခိုင်တိုင်းရင်းသားများ သေဆုံးခဲ့ရမှုအပေါ် ရခိုင်လူငယ်များကို သိစေရန်နှင့် သေဆုံးသွားသူများအတွက်  ကောင်းမှုကုသိုလ်ပြုပေးချင်သောကြောင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 “ ပြီးခဲ့တဲ့နှစ်က ဘင်္ဂလီအကြမ်းဖက်သမားတို့ရဲ့ တိုက်ခိုက်ခံရမှုကြောင့် ဒေသခံ ကိုယ့်ပြည်ကိုယ့်မြေ ကိုယ့်ရွာမှာနေတဲ့ ရခိုင်တိုင်းရင်းသားများနဲ့ မျိုးနွယ်စု ဟိန္ဒူအပါဝင် မြို၊ တိုင်းပြည်ကိုကာကွယ်စောင့်ရှောက်နေတဲ့ လုံခြုံရေးအဖွဲ့ဝင်တို့သေဆုံးခဲ့ရတယ်။ ဒေသခံတွေ ကိုယ့်မြေကိုစွန့်ခွာသွားခဲ့ရကာ  ဘယ်လိုဒုက္ခရောက်ခဲ့ရတယ်ဆိုတာကိုနဲ့ ဒီအကြမ်းဖက်လုပ်ရပ်တွေ ယုတ်ညံ့ပြီး ရှုတ် ချသင့်တဲ့ကိစ္စမျိုးဆိုတာတွေကို ရခိုင်လူငယ်များအနေနဲ့ အမှတ်ရစေချင်တယ်။ သေဆုံးသွားခဲ့ရတဲ့ လူတွေကို ရည်မှန်းပြီး ကျန်တဲ့လူတွေက ကောင်းမှုမေတ္တာပို့အမျှဝေပေးလိုတဲ့ ရည်ရွယ်ချက်ကြောင်းဖြစ်တယ် ” ဟု ရခိုင်အမျိုးသားပါတီမှ ဒုဥက္ကဌ ဒေါ်အေးနုစိန်မှ ပြောသည်။

အဆိုပါ အခမ်းနားကို ဆရာတော်ကြီးများ၊ ရခိုင်အမျိုးသားပါတီမှ တာဝန်ရှိသူများ၊ စစ်တွေမြို့မိမြို့ဖများနှင့် မြိုတိုင်းရင်းသားတစ်ချို့တက်ရောက်ခဲ့ကြပြီး ယခုအချိန်ထိ မောင်တောမြို့နယ်အတွင်း လုံခြုံရေးများတိုးမြှင့်ချထားသော်လည်း ၄င်းဒေသ၏ အေးချမ်းတည်ငြိမ်မှာ ခန့်မှန်းပြော၍ မရနိုင်ကြောင်း  လွန်ခဲ့သောနှစ်မှဖြစ်စဉ်ကို တွေးပြီးကြောက်နေရကြောင်း အခမ်းနားသို့တက်ရောက်လာသူ မောင်တောမြို့နယ်၊ ကိုင်းကြီးကျေးရွာမှ မြိုအမျိုးသားဦးစံထွန်းက ပြောသည်။

“ ဒီအခမ်းနားကိုလာရတာဟာ ကျွန်တော်စိတ်မကောင်းပါဘူး။ လက်ရှိမှာ ကိုင်းကြီးရွာအခြေနေဟာ လုံခြုံအေးချမ်းသွားပြီလို့ ခန့်မှန်းပြောလို့မရပါဘူး။ လူတိုင်းစိတ်ထဲမှာတော့ ပြီးခဲ့နှစ်ကအချိန်ကို ရောက်လာပြီ၊ သြဂုတ်လမှာ ကျွန်တော်တို့မြို ၈ ဦးကို ဓားနဲ့ အင်္ဂါငါးပါးကြည့်မရအောင်ထိ ရက်ရက်စက်စက် အသတ်ခံခဲ့တယ်။ အခုလဲအဲလိုဖြစ်လာမလားလို့ တွေးပူနေမိတယ်။ တောင်ယာတွေကို မသွားရဲကြဘူး ”

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် ဘင်္ဂလီ အကြမ်းဖက်သမားများသည် ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေးကင်းခန်း ၃၀ ကျော်အား တစ်ပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ကာ အကြမ်းဖက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရခိုင်၊ မြို၊ ဟိန္ဒူနှင့် ဒေသခံပြည်သူများသေဆုံးခဲ့ရသည်။

အဆိုပါ အခမ်းနားမှာ တက်ရောက်လာသူတို့မှ ဆရာတော်ကြီးများကို ဆွမ်းကပ်လှူဒါန်းခြင်း၊ လှူဖွယ်ဝတ္ထုများဆက်ကပ်ခဲ့ပြီး ပရိတ်တရားတော်များနာယူကာ ရေစက်ချအမျှဝေခြင်းများပြုလုပ်ခဲ့ကြသည်။