ခိုင်ရိုးလ / DMG

နိုဝင်ဘာ ၈ ၊ စစ်တွေ

ပြန်ဝင်လာမည့် ဘင်္ဂါလီများကို မောင်တောတောင်ပိုင်းတွင် နေရာမချထားရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနမှ ဒု-လက်ထောက်ဝန်ကြီး Richard Albright နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mr.Scot Marciel တို့ကို ရခိုင်အမျိုးသားပါတီက ပြောကြားလိုက်သည်ဟု ပါတီဒု-ဥက္ကဌ ဒေါ်အေးနုစိန်က ဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့က အမေရိကန်သံအမတ်အဖွဲ့သည် ဘင်္ဂါလီများကို ပြန်လည်နေချထားမည့် ကိစ္စနှင့် ပတ်သက်ပြီး ပါတီ၏သဘောထားကို မေးမြန်းရာတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“အထူးသဖြင့် ဒီအကြမ်းဖက်မှုတွေကို ထပ်မံဖြစ်ပွားနိုင်လောက်တဲ့ အနေထားကို ရှောင်ရှားချင်တယ်ဆိုရင် မောင်တောတောင်ပိုင်း ပင်လယ်ကမ်းစပ်မှာ မထားဖို့နဲ့ မြောက်ပိုင်းမှာ ဒေသခံတွေရဲ့လုံခြုံရေးကို အလေးထားဖို့ အဓိကထားပြောပါတယ်” ဟု ဒေါ်အေးနုစိန်က ပြောသည်။

ယင်းအပြင်  အမေရိကန်သံအမတ်အဖွဲ့သည် ဘင်္ဂါလီများကို ယခု ပြန်လည်နေရာချထားသော်လည်း ရခိုင်ပြည်နယ်၌ အကျဉ်းထောင်ထဲတွင် နေရသကဲ့သို့ ဖြစ်နေခြင်းကို မည်သို့ဖြေရှင်းသင့်ကြောင်း မေးမြန်းခဲ့သည်။

ယင်းကိစ္စသည် ရေတိုဖြေရှင်းရန် ခက်ခဲသောကြောင့် ရေရှည်ဖြေရှင်းရမည့် နည်းလမ်းဖြစ်ကာ အစီအစဉ် ဆွဲကာဖြေရှင်းသင့်ကြောင့် ပြန်လည်ဖြေကြားခဲ့သည်ဟု ဒေါ်အေးနုစိန်က ဆိုသည်။

မောင်တောဒေသတွင် ဘင်္ဂါလီများ ပြန်လည် ဝင်ရောက်လာလျှင် ရခိုင်နှင့် တိုင်းရင်းသားမျိုးနွယ်စုဝင်များ၏ လုံခြုံရေးအတွက် ရခိုင်အမျိုးသားပါတီက စိုးရိမ်မှုများရှိနေသည်။

“ဒီလို နေရာချထားမယ်ဆိုရင် မောင်တောဒေသမှာ တိုက်ခိုက်မှုခံနေရတဲ့  ရခိုင်နဲ့ တခြားမျိုးနွယ်စုတွေရဲ့ လုံခြုံမှုကို အမေရိကန်အစိုးရက ဘယ်လောက်အထိ အာမခံချက်ပေးနိုင်မလဲ ဆိုတာကို ကျမတို့ ပြန်မေးခဲ့ တယ်။ အဲဒါကို မေးတဲ့အခါမှာ ဒီလိုတော့ အနေအထားမရှိနိုင်ပါဘူးတဲ့”ဟု ဒေါ်အေးနုစိန်က ဆိုသည်။

အလားတူ မောင်တောတောင်ပိုင်းနှင့် ရသေ့တောင်မြို့နယ်မှာ ဘင်္ဂါလီကျေးရွာများ နေရာမချထားရေးအတွက် မောင်တော၊ဘူးသီးတောင်နှင့် ရသေ့တောင်က ဒေသခံများသည် နိုဝင်ဘာလ ၄ ရက်နေ့က မောင်တောမြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ပြန်ဝင်လာမည့် ဘင်္ဂလီများကို မောင်တောမြောက်ပိုင်းနှင့် တောင်ဘက်များတွင်များမှာ ကျေးရွာ ထူထောင်ပြီး ပြန်လည်နေရာချထားရန် အစိုးရက လျာထားကြောင်း  RFA သတင်းတစ်ပုဒ်မှာ ရေးသားထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီဒုက္ခသည်များထဲမှာ လူပေါင်း ၂၂၆၀ ကျော်ကို ပထမ အသုတ်အနေဖြင့် တစ်ရက်လျှင် လူ ၁၅၀ နှုန်းဖြင့် နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး လက်ခံသွားမည်ဟု အစိုးရက နိုဝင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

နိုင်ငံတကာအဖွဲ့အစည်းများကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေသည့် ဘင်္ဂလီများကို ပြန်လည် နေရာချထားပေးမည့်ကိစ္စနှင့်ပတ်သတ်ပြီး မြန်မာဘက်က အဆင်အသင့်မဖြစ်သေးဟုဆိုကာ အစီအစဉ်ကို ချက်ခြင်း ဆိုင်းငံ့ထားရန် တောင်းဆိုမှုများရှိနေသည်။ ယခု ပြန်လည် လက်ခံရေးအစီအစဉ်ကို မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီထားခြင်းဖြစ်သည်။