နေရောင်မင်း(စစ်တွေ)၊DMG
နိုဝင်ဘာလ ၅၊စစ်တွေ
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီဒုက္ခသည်များထဲမှာ လူပေါင်း ၂၂၆၀ ကျော်ကို ပထမ အသုတ်အနေဖြင့် တစ်ရက်လျှင် လူ ၁၅၀ နှုန်းဖြင့် နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး လက်ခံသွားမည်ဟု အစိုးရက နိုဝင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို မောင်တောမြို့ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်ပြီး အစည်းအဝေးပြုလုပ်ပြီးနောက် ယင်းသို့ ထွက်ပေါ်လာခြင်းဖြစ်သည်။
ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့သည် ငါးခူရ ပြန်လည်လက်ခံရေးစခန်း၌ နေအိမ်များ တည်ဆောက်ထားမှု၊ သောက်သုံးရေ ရရှိရေးအတွက် ဆောင်ရွက်ထားမှု၊ တစ်ဖက်နိုင်ငံမှ ဝင်ရောက်လာမည့်သူများအား လက်ခံမည့် နေရာနှင့် ဝန်ထမ်းများ၏ အဆောင်များအား ကြည့်ရှုခဲ့ကြောင်း အစိုးရက ထုတ်ပြန်သည်။
ယင်းအပြင် လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းအတွင်း တည်ဆောက်ထားသည့် နေအိမ်များကို ကြည့်ရှုခဲ့သည်။
နိုင်ငံတကာအဖွဲ့အစည်းများကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေသည့် ဘင်္ဂါလီများကို ပြန်လည် နေရာချထားပေးမည့်ကိစ္စနှင့်ပတ်သတ်ပြီး မြန်မာဘက်က အဆင်အသင့်မဖြစ်သေးဟုဆိုကာ အစီအစဉ်ကို ချက်ခြင်း ဆိုင်းငံ့ထားရန် တောင်းဆိုမှုများရှိနေသည်။ ယခု ပြန်လည် လက်ခံရေးအစီအစဉ်ကို မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီထားခြင်းဖြစ်သည်။
မောင်တောတောင်ပိုင်းနှင့် ရသေ့တောင်မြို့နယ်မှာ ဘင်္ဂါလီကျေးရွာများ နေရာ မချထားရေးအတွက် မောင်တော၊ဘူးသီးတောင်နှင့် ရသေ့တောင်က ဒေသခံများသည် နိုဝင်ဘာလ ၄ ရက်နေ့က မောင်တောမြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ပြန်ဝင်လာမည့် ဘင်္ဂလီများကို မောင်တောမြောက်ပိုင်းနှင့် တောင်ဘက်များတွင်များမှာ ကျေးရွာ ထူထောင်ပြီး ပြန်လည်နေရာချထားရန် အစိုးရက လျာထားကြောင်း RFA သတင်းတစ်ပုဒ်မှာ ရေးသားထားသည်။
ဒေသခံရခိုင်များကမူ မောင်တောတောင်ပိုင်းတွင် တိုင်ရင်းသားများကိုသာ ကျေးရွာတည်ဆောက်ပေးရန် လိုလားကြသည်။ သို့သော် အစိုးရ မောင်တောမြို့နယ် တောင်ပိုင်းတွင် တည်ဆောက်ထားသည့် သင်္ဘောကွေ့ ကျေးရွာကို အစိုးရ၏ အမိန့်ဖြင့် ပြီးခဲ့သည့် ဇူလိုင်အတွင်းက ဖျက်သိမ်းလိုက်သည်။




