
(ဆန္ဒထုတ်ဖော်ရာတွင် ကြွေးကြော်သော တောင်းဆိုချက်။ ဓါတ်ပုံ - မောင်ဇော်ခိုင်/DMG)
ဇူလိုင် ၇ ရက်၊ ၂၀၁၇ ခုနှစ် (ကျောက်ဖြူ)။ ။ ကျောက်ဖြူမြို့နယ်၊ မူရင်းကျေးရွာအတွင်း ဘုန်းတော်ကြီးကျောင်းအား မြို့နယ်သာသနာရေး ဦးစီးဌာနမှ ပိတ်သိမ်းထားသည့်အတွက် ကျေးရွာသားများအနေဖြင့် ပြန်လည်ကိုးကွယ်ခွင့်ရရှိရန် ယနေ့ ဇူလိုင် ၇ ရက်နေ့တွင် ဆန္ဒထုတ်ဖေါ်မှု ပြုလုပ်ကြသည်။
အဆိုပါဘုန်းတော်ကြီးကျောင်းကို ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မြို့နယ်သာသနာရေးဦးစီးမှူးမှ ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိ ကိုးကွယ်ခွင့်မရရှိသည့် အတွက် မူရင်းကျေးရွာသားများအနေဖြင့် ကျောက်ဖြူမြို့ပေါ်သို့ တက်ရောက်ဆန္ဒထုတ်ဖေါ်ရခြင်း ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သူ ဦးထွန်းထွန်းကပြောသည်။
“ ကျောင်းကသုံးကျောင်းရှိတယ်။ ကျွန်တော်တို့ကျောင်းက မူရင်းရွာတည်ကတည်းက ရှိလာတဲ့ကျောင်းဖြစ်တယ်၊ ကျောင်းသုံးကျောင်း ပေါင်းကြမယ်ဆိုပြီးတော့ ကျွန်တော်တို့လူတွေကို စုကြတဲ့အခါ၊ အသစ်ဆောက်မဲ့ကျောင်းဟာ ဘယ်ကျောင်းနဲ့မှ မနီးစေရဘူးဆိုပြီးတော့ သဘောတူကြတယ်၊ နောက်ကျောင်းဆောက်တဲ့အခါမှာမှ သူတို့ ကျောင်းထဲကိုဆွဲပြီး သွင်းတဲ့အခြေအနေတွေကြောင့် ကျွန်တော်တို့ကျောင်းက ခွဲကျန်ခဲ့ပါတယ်။ အဲဒီလို ခွဲကျန်ခဲ့အတွက် ကျွန်တော်တို့ကျောင်းကို ပိတ်ထားတာဖြစ်တယ်။ ” ဟု ဦးထွန်ထွန်းက ပြောသည်။
အဆိုပါဆန္ဒထုတ်ဖေါ်ပွဲတွင် မူရင်းရွာဒေသခံ လူ ၂၀၀ ကျော်ပါဝင်ခဲ့ပြီး မတရားသော့ပိတ် ခံထားရသည့် မူရင်းဘုန်းတော်ကြီးကျောင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးရေး၊ ဗုဒ္ဓဘာသာကို လွတ်လပ်ွစွာကိုးကွယ်ခွင့်ပြုရေး၊ ဝိနစ္ဆယလက်ဆွဲအခန်း(၁၁)အပိုဒ်ရေ (၂၈၁)နှင့် ညီညွှတ်မှုမရှိသော မူရင်းရွာဘုန်းတော်ကြီးကျောင်းဟောင်းကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးရေး စသည့်အချက်များအား တောင်းဆိုဆန္ဒထုတ်ဖေါ်ခဲ့ကြကြောင်းလည်းသိရသည်။




