
ချလူးအောင်၊DMG
အောက်တိုဘာ၁၂၊ ဘူးသီးတောင်
အောက်တိုဘာလ(၁၂)ရက် နံနက်ပိုင်းက ဘူသီးတောင်မြို့နှင့်မောင်တောမြို့တို့မှ စစ်မူထမ်းဟောင်းအဖွဲ့ဝင်များ ဦးဆောင်ပြီး တပ်မတော်ထောက်ခံပွဲ တစ်ခုကိုပြုလုပ်ခဲ့သည်။
အဆိုပါ တပ်မတော်ထောက်ခံပွဲကို ဘူးသီးတောင်မြို့ရှိ စစ်မှုထမ်းဟောင်းရုံးရှေ့တွင် စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ၁၀၀ ခန့်က ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
“ကျွန်တော်တို့ စစ်မှုထမ်းဟောင်းနှစ်ပတ်လည်အစည်းအဝေးနဲ့အတူ စစ်မှုထမ်းဟောင်းတွေရဲ့ အခက်အခဲ ကိုတင်ပြတယ်။ စစ်မှုထမ်းဟောင်းမိသားစုဝင်တွေရဲ့ ကျောင်းသူ၊ကျောင်းသားတွေ အကူညီထောက်ပံ့ဖို့နဲ့ တပ်မတော်ထောက်ခံပွဲကိုပါ တစ်ခါတည်းပြုလုပ်တာပါ”ဟု ထောက်ခံပွဲဦးဆောင်သူ ဦးခင်ဇော်က ပြောသည်။
ထောက်ခံပွဲတွင် ပြည်သူချစ်သော တပ်မတော်အောင်မြင်ပါစေ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်မည်၊ မဆီမဆိုင် နိုင်ငံရေးစွက်ဖက်သော Facebook ကိုလုံးဝဆန့်ကျင်ရှုတ်ချသည်၊ တပ်မတော်ကိုအပြည်အဝထောက်ခံသည်၊ တပ်မတော်အင်အား ချိုးနှိမ်မူမှန် သမျှ တို့လုံးဝ လက်မခံစသည့် တောင်းဆိုချက်များပါဝင်သည့် ဘီနိုင်းများကိုကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြခြင်းလည်းဖြစ်သည်။




