
ချလူးအောင်၊DMG
နိုဝင်ဘာလ ၃၊ဘူးသီးတောင်
ဘူးသီးတောင်မြို့နယ်၊ ကွန်တိုင်ကျေးရွာက အသက် (၁၅) အရွယ် ဟာဘီဇူရမန်သည် နိုဝင်ဘာလ ၂ ရက်နေ့ ၊နံနက်ပိုင်းက ရွာနှင့်တစ်မိုင်ကျော်အကွာ၌ နွားကျောင်းနေစဉ် တပ်မ(၁၅)သွားလမ်းတွင် သုံးတိုင်ပူး စိုက်ထူ သွယ်တန်းထားသည့် လျှပ်စစ်တိုင်အား တက်ရောက်ဆော့ကစားရာမှ ဓာတ်လိုက်ပြီး ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည်ဟု သူ၏ ဦးလေးဖြစ်သူ မူဟာမတ်နော်ဘီကပြောသည်။
ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသောကြောင့် မောင်တောဆေးရုံမှာ ဆေးကုသမှု ခံယူနေပြီး ခွဲစိပ်ကုသရန် လိုအပ်သည်ဟု ဆရာဝန်က ပြောကြားကြောင်း မူဟာမတ်နော်ဘီက ဆိုသည်။
"ကလေးတွေကတိုင်ပေါ်တက်ဆော့ကစားကြတာ အရင်လည်းရှိပါတယ်။ အခုက လျှပ်စစ်ဓာတ်အားလွှတ်ထားပြီဆိုတာမသိတာနေမှာပါ ။လျှပ်စစ်ဌာနကတော့ လော်စပီကာနဲ့ ကြေညာတယ်လို့တော့သိရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကျေးရွာဖက်ကိုတော့ မရောက်ပါ”ဟု ၎င်းက ပြောသည်။
ဘူသီးတောင်မြို့တွင် အောက်တိုဘာ(၃၀)နေ့မှစတင်ပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဝေနေခြင်း ဖြစ်ကာ လျှပ်စစ်အန္တရာယ်သတိပေးချက်များကို မြို့ကိုလည့်ပတ်ပြီး သတိပေးကြေငြာထားကြောင်း ဘူးသီးတောင်မြို့ လျှပ်စစ်အင်ဂျင်နီယာရုံးက သိရသည်။




