ဘူးသီးတောင်မြို့နယ်၊ သပြေတောကျေးရွာမှ အုပ်ချုပ်ရေးမှူးအပါဝင် ၅ ဦးနှင့် ဘင်္ဂါလီ ၂ ဦးတို့ကို သတ်ဖြတ်မည်ဟု ARSA အဖွဲ့မှ ဖုန်းဖြင့်ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့က သပြေတောကျေးရွာမှာ ဒေသခံ ဦးသန်းဝင်းအား အကြမ်းဖက်အဖွဲ့ကဟု ဖုန်းဖြင့်ပြောဆိုကာ ယင်းသို့ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ပြီး သပြေတောကျေးရွာနှင့် အင်းပေါက်ကျေးရွာအနီး တံတားရှိ ဆောက်လုပ်ရေးကုမ္ပဏီ ဆိုင်းဘုတ်တွင်လည်း စာတမ်းများကတ်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။

“ ကျွန်တော်တို့ရွာက ငါးယောက်နဲ့ ဘင်္ဂါလီနှစ်ဦး အားလုံး ၇ ဦးကို သတ်မယ်လို့ပြောခဲ့တယ်။ ကျွန်တော်က မေးတယ်။ မင်းတို့ဘယ်မှာလဲဆိုတော့ ငါတို့အကြမ်းဖက်တဲ့။ သူတို့က အင်းဖောက်ရွာ နောက်ဖက်က တောင်တန်းမှာ ရှိတယ်လို့ပြောခဲ့တယ်။ မင်းတို့ဘယ်မှာရှိလဲ ငါတို့လာခဲမယ်လို့ပြောတော့ သူ့ဖက်ကဆက်မပြောတော့ဘူး။ မင်းတို့ကို သတ်မယ်ဆိုတဲ့ ပုံစံမျိုးငြိုးသွားတယ်။ ” ဟု သပြေတောကျေးရွာမှ ခြိမ်းခြောက်ခံရသူ ကိုသန်းဝင်းက ပြောသည်။

ငြိမ်းခြောက်မှုများကြောင့် ဒေသခံများမှာ စိုးရိမ်ကာ သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားထားကြောင်းလည်း သပြေတောကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

ဧပြီလ ၁၄ ရက်နေ့ မောင်တောမြို့နယ် သင်္ဘောလှကျေးရွာမှ ဒေါ်မလာနု အသက် ၁၉ နှစ် အား ချောင်းအတွင်းရေချိုးနေစဉ် ဘင်္ဂါလီနှစ်ဦးရောက်ရှိလာပြီး ဒေါ်မလာနု၏ ဦးခေါင်းကိုကိုင်ကာ ရေတွင် အကြိမ်ကြိမ်နစ်ကာ စစ်ကြောင်းရှိ၊ မရှိမေးမြန်း၍ ဆန်၊ ဆေးလိပ်များ ယူဆောင်လာပေးရန် ပြောဆိုပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သူမ၏ မိသားစုဝင်များက ပြောသည်။

Author: မောင်ဇော်ခိုင်