ဓါတ်ပုံ - ရက္ခိုင့်တပ်မတော် သတင်းနှင့်ပြန်ကြားရေး Page

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ ဖဒူထွန်းအောင် / DMG

ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့် စခန်း လေးခုကို ယနေ့(ဇန်နဝါရီလ ၄ ရက်)၊နံနက် ၆ နာရီက စတင်ပြီး ရက္ခိုင့်တပ်မတော်(AA)က ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက DMG ကိုအတည်ပြုပြောကြားသည်။

ရက္ခိုင့်တပ်မတော်(AA)အနေဖြင့် ကျောင်းတောင်စခန်း၊ခထီးလှစခန်း စသည့် စခန်းလေးခုကို ဝင်တိုက်ခဲ့ ခြင်းဖြစ်ပြီး ယင်းစခန်းများသည် နယ်ခြားစောင့်စခန်းဆိုသော်လည်း မြန်မာ့တပ်မတော်ဘက်က နေရာယူထား မှုနှင့် နယ်ခြားစောင့်ရဲများက အရပ်သားများကို ညှင်းပန်းနှိပ်စက်မှုများရှိသောကြောင့် ဝင်ရောက် တိုက်ခိုက် ရခြင်းဟု ခိုင်သုခကဆက်လက်ပြောသည်။

“အဲဒီစခန်းတွေဟာ နယ်ခြားစောင့်ရဲစခန်းတွေဆိုပေမယ့် အဲဒီစခန်းတွေမှာ ဗမာ့တပ်မတော်(မြန်မာ့တပ်မတော်) က ဝင်ပြီးတော့ နေရာယူထားတယ်။နယ်ခြားစောင့်နဲ့ဗမာ့တပ်မတော်(မြန်မာ့တပ်မတော်)က ရောပြီး စခန်းချ ထားတဲ့နေရာတွေဖြစ်တယ်။ပြီးတော့ နယ်ခြားစောင့်ရဲတွေဟာ ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင် မြို့နယ် တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရွာသားတွေကို ညှင်းပန်းနှိပ်စက်တာတွေရှိတယ်။နောက်တစ်ချက်က နယ်ခြားစောင့် ရဲတွေက လက်နက်ကြီး ပစ်ကူပေးနေတာတွေရှိတယ်။ ပြီးတော့ အခုရက်ပိုင်းမှာ ဗမာ့တပ်မတော်ဘက်က အင်အားအလွန်အကျွံသုံးပြီးတော့ တိုက်ခိုက်နေတဲ့အတွက်ကြောင့် ကျနော်တို့ဘက်က ပြန်ပြီး တိုက်ခိုက် ရတာဖြစ်တယ်”ဟု ခိုင်သုခက ဆိုသည်။

စခန်းလေးခုကို တိုက်ခိုက်စဉ်အတွင်း ရဲအလောင်း (၇)လောင်း၊စစ်သုံ့ပန်း (၁၄ )ဦးနှင့် လက်နက် (၂၀) ကျော်နှင့် ခဲယမ်းများစွာ သိမ်းဆည်းရမိထားကြောင့် ခိုင်သုခကပြောသည်။

“စစ်သုံ့ပန်းတွေကိုတော့ ကျနော်တို့က နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီကောင်းကောင်းမွန်မွန်ပဲ လုပ်ဆောင် သွားဖို့ ရှိတယ်။  ”ဟု ၎င်းက ဆက်လက်ဆိုသည်။

ဘူးသီးတောင်မြို့နယ် ခထီးလှကျေးရွာအနီးတွင် မြန်မာ့တပ်မတော်နှင့်ရက္ခိုင့်တပ်မတော်(AA) တို့ လက်ရှိအချိန်ထိ တိုက်ပွဲ ဖြစ်ပွားလျက်ရှိနေသည်။

“ဒီနေ့မနက် ၇ နာရီလောက်မှာ ခထီးလှရွာကို ဗမာစစ်တပ်(မြန်မာ့တပ်မတော်)ဘက်က ရဟတ်ယာဉ် နှစ်စီးနဲ့ ဗုံးကြဲတယ်။ ဗုံးကြဲတဲ့အတွက်ကြောင့် ခထီးလှရွာတစ်ခုလုံးမီးလောင်သွားတယ်။နောက်ပြီးတော့ အဲဒီဒေသ တစ်ဝိုက်မှာ ရဟတ်ယာဉ်တွေနဲ့ လာပြီးတော့ တိုက်ခိုက်နေတာတွေလည်းရှိတယ်”ဟု ခိုင်သုခကပြောသည်။

တိုက်ပွဲဖြစ်ပွားနေသောကြောင့် ခထီးလှကျေးရွာရှိ ဒေသခံများမှာ စာသင်ကျောင်းများတွင် ခိုလှုံလျက်ရှိသည်ဟု ဘူးသီတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မောင်ကျော်ဇံကပြောသည်။

အဆိုပါ ကိစ္စများနှင့်ပတ်သက်ပြီး ဘူသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းကို ဆက်သွယ် မေးမြန်းရာတွင် တိုက်ပွဲဖြစ်ပွားနေကြောင်းသတင်းရရှိထားပြီး အသေးစိတ်ကို မသိရှိရသေးဟု ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ တွင် ဖုန်းကိုင်ဖြေဆိုခြင်းမရှိပေ။ရခိုင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်ထံသို့ ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

ဖဒူ ထွန်းအောင်
Author: ဖဒူ ထွန်းအောင်