ဒီဇင်ဘာလ ၈ ရက်၊ ၂၀၁၈ ခုနှစ်၊ ချလူးအောင် / DMG

ဘူးသီးတောင်မြို့တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ယမန်နေ့(ဒီဇင်ဘာလ ၇ ရက်နေ့)က မြို့တွင်းလှည့်လှည် ကြေငြာခြင်းမှာ လူထုသိအောင် ကြေငြာခြင်းဖြစ်ပြီး ထပ်တိုးထုတ်ပြန်ခြင်းမရှိဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်းက DMG ကို ပြောသည်။

ဘူးသီးတောင်တွင် ညမထွက်အမိန့်ကို မူလထက် ၁ နာရီရှေ့သို့တိုးကာ ထုတ်ပြန်ထားသည်ဟု အင်တာနက် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့မှုနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် ဦးကျော်မင်းထွန်းက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

" သက်တမ်းတိုးတာ မဟုတ်ပါဘူး ။ ပုဒ်မ ၁၄၄ က အရင်အချိန်အတိုင်းပါ ။ သတိပေးတဲ့အနေနဲ့ ကြေငြာလိုက်တာပါ ” ဟု ၎င်းက ပြောသည်။

ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ကျေးရွာနှင့် ထိပ်တူးပေါက်ကျေးရွာကြားတွင် ဒီဇင်ဘာလ ၆ ရက်နေ့ ညနေပိုင်းက မိုင်းပေါက်ကွဲပြီး လူနှစ်ဦးသေဆုံးသွားမှုနှင့် ပတ်သက်ပြီး ဒေသတွင်း စိုးရိမ်မှုရှိနေကြသော်လည်း ဒေသအခြေအနေမှာ တည်ငြိမ်အေးချမ်းလျက်ရှိသည်ဟု ဦးကျော်မင်းထွန်းက ဆိုသည်။

“ ဒေသအခြေအနေလည်း တည်ငြိမ်အေးချမ်းလျက်ပါပဲ။ ဘာမှ စိုးရိမ်စရာမရှိပါဘူး။ မနေ့က မိုင်းကိစ္စကလည်း သူတို့ဘာသာ သူတို့ ဖြစ်တာပါ ။ ဘာမှစိုးရိမ်စရာ မလိုပါဘူး” ဟု ၎င်းက ပြောသည်။

မောင်တောခရိုင်၊ ဘူးသီးတောင်မြို့တွင် ညမထွက်ရ အမိန့်ကို ည ၁၀ နာရီမှ နံနက် ၅ နာရီအထိ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ၂ လတာ ထုတ်ပြန်ထားခြင်းဖြစ်သည်။

 

Author: ချလူးအောင်