
(ရခိုင်ပြည်နယ်အတွင်း မီးမရရှိသည့်မြို့များသို့ မီးရရှိရန် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ ကြိုးစားဆောင်ရွက်နေစဉ်။ ဓါတ်ပုံ - ဇောင်း (ပုဏ္ဏားကျွန်း))
နိုဝင်ဘာ ၄ ရက်၊ ၂၀၁၇ ခုနှစ်။ ။ ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးမှု နောက်ကျနေသော ဘူးသီးတောင်၊ မောင်တော ဒေသအတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထားပြီး မီးရအောင်ဆောင်ရွက်ပေးရန် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနကို အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဌ ဦးအေးသာအောင်က မှာကြားသည်။
ယနေ့ နိုဝင်ဘာ ၄ ရက်နေ့ နံနက်က ပုဏ္ဏားကျွန်းမြို့ ဓါတ်အားခွဲစက်ရုံသို့ လာရောက်ကြည့်ရှုခဲ့ပြီး လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် တာဝန်ရှိသူများက ရခိုင်ပြည်နယ်အတွင်း မီးပေးရန် ကိစ္စကို ရှင်းလင်းတင်ပြခဲ့သည်။
အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဌ ဦးအေးသာအောင်က လျှပ်စစ်ဓါတ်အားပေးခြင်းနှင့် ပတ်သက်၍ သတ်မှတ်ကာလကို ရသေ့တောင်မြို့သို့ ၂၀၁၈ ခုနှစ် မတ်လ၊ ဘူးသီးတောင်မြို့သို့ ၂၀၁၈ ခုနှစ် ဇွန်လ၊ မောင်တောမြို့သို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ တို့ထက် နောက်မကျစေဘဲ ပြီးမြောက်အောင် ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့က ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများမှ ဘူးသီးတောင်၊ မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် ယခု ယင်းဒေသကို ဖွံ့ဖြိုးအောင် အစိုးရက စီစဉ်ဆောင်ရွက်ပေးနေသည်။

(ပုဏ္ဏားကျွန်း ဓါတ်အားခွဲစက်ရုံသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင် လေ့လာကြည့်ရှု။ ဓါတ်ပုံ - ဇောင်း (ပုဏ္ဏားကျွန်း))




