ခင်သရဖီဦး / DMG
ဧပြီ ၈ ၊ စစ်တွေ
ဘူးသီးတောင်မြို့နယ် ပြည်ရှည်ကျေးရွာမှ အမျိုးသမီးတစ်ဦးအား တပ်မတော်သားတစ်ဦးမှ အဓမ္မပြုကျင့်ရန်ကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ ကြံစည်ခံရသည့် အမျိုးသမီးမှာ အသက် (၅) နှစ်အရွယ် သားဖြစ်သူနှင့်အတူ ဧပြီလ ၇ ရက် နေ့လည်ပိုင်းတွင် ကျေးရွာအနီးရှိ ဟင်းခင်းအတွင်းရှိနေစဉ် ၅၆၄ တပ်ရင်းမှ တပ်သားတစ်ဦးက ဟင်းခင်းအတွင်း ဝင်ရောက်ကာ အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းအမျိုးသမီး၏ ခင်ပွန်းဖြစ်သူ ဦးမောင်ဖြူလှက ပြောသည်။
“ကျနော့်မိန်းမက ဟင်းခင်းထဲမှာရှိနေတုန်း သူက ဝင်လုံးလာတာ။ အဲဒီလို တစ်ယောက်တစ်ပြန် လုံးနေတာကို သားလေးကမြင်တော့ ရွာကလူတွေကို လာတိုင်တာကြောင့် ရွာကလူတွေဝိုင်းပြီး လိုက်ဖမ်းတာ” ဟု ဦးမောင်ဖြူလှက ပြောသည်။
အဓမ္မပြုကျင့်ရန်ကြံစည်ခဲ့သည့် တပ်မတော်သားအား ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်တွင် ထိန်းသိမ်းထားစဉ် ၅၆၄ တပ်ရင်းမှ တပ်မတော်သားလေးဦး လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ခေါ်ဆောင်ရာတွင် နောင်အခါ ယခုကဲ့သို့မပြုလုပ်ရန် ကတိဝန်ခံစာရေးခိုင်းသော်လည်း ဝန်ခံစာမရေးဘဲ နှုတ်ကတိသာပေးခဲ့ကြောင်း ဦးမောင်ဖြူလှက ဆိုသည်။
“နောက်နောင် ကျနော်တို့ရွာသားတွေနဲ့ ပြဿနာမဖြစ်ဖို့နဲ့ နောက်ထပ် အခုလိုအဖြစ်မျိုးမပြုလုပ်ဖို့ ခံဝန်စာရေးခိုင်းတာ။ ဒါပေမဲ့ သူတို့ကလက်မခံဘူး။ ဒါကြောင့် ကျနော်တို့အခု လွှတ်တော်ကိုယ်စားလှယ်ကို တိုင်ကြားဖို့ လုပ်နေပါတယ်” ဟု ဦးမောင်ဖြူလှက ပြောသည်။
အဓမ္မပြုကျင့်ရန်ကြံစဉ်ခံရသည့် အမျိုးသမီးဘက်မှ တိုင်ကြားမှုနှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေအား ဆက်သွယ်မေးမြန်းခဲ့ရာ မအားသေး၍ နောက်မှ ပြန်ခေါ်ရန်ပြောသည်။
ယခုကဲ့သို့ တပ်မတော်သားတစ်ဦးမှ ကျေးရွာနေအမျိုးသမီးတစ်ဦးအား အဓမ္မကြံစည်မှုနှင့် ပတ်သက်ပြီး တပ်မတော်မှ မည်သို့လုပ်ဆောင်သွားမည်ကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီးဝင်းဇော်ဦးအား DMG မေးမြန်းခဲ့သော်လည်း မအားသေး၍ နောက်မှပြန်ဆက်ပါဟုဆိုကာ ဖုန်းချသွားခဲ့သည်။




