ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၁၈ ခုနှစ်၊ ချလူးအောင် / DMG

ဘူးသီးတောင်မြို့နယ်၊ ငကျိန်တောက်ကျေးရွာတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၃ နာရီအချိန်ခန့်က အိမ်ပေါ်တက် လုယက်မှုဖြစ်ပွားခဲ့ပြီး အိမ်ရှင်လင်မယားမှာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်ဟု တောင်ဘဇာစခန်းမှူး ရဲအုပ်ထွန်းနိုင်က ပြောသည်။

ငကျိန်တောက်ကျေးရွာနေ ဆော်လိမ်နှင့် ဇနီးဖြစ်သူ ရှော်ဘီကာ၏ နေအိမ်သို့ အမည်မသိ လူသုံးဦးက လာရောက်ပြီး ရှော်ဘီကာ လည်ပင်းတွင် ၀တ်ဆင်ထားသော နှစ်ထပ်ရွှေဆွဲကြိုးအား ဆွဲယူစဉ် အော်ဟစ်သဖြင့် ဓားဖြင့်ခုတ်ခဲ့ရာ ယာဖက်နားထင်တွင် (၄)လက်မခန့် ဒဏ်ရာရရှိသွားသည်။

ယင်းအပြင် လင်ဖြစ်သူက ဇနီးအား ဓားဖြင့်ခုတ်နေစဉ် ၀င်ရောက်ဆွဲထုတ်ရာ လင်ဖြစ်သူဆော်လိမ်ကိုလည်း ထပ်မံခုတ်ခဲ့သဖြင့် ၀ဲဘက်လည်ပင်းတွင် ဒဏ်ရာရရှိသွားသည်ဟု တောင်ဘဇာရဲစခန်းက သိရသည်။

" တရားခံဖမ်းဆီးရမိဖို့ အမှုမှန်ပေါ်ပေါက်ဖို့ ကြိုးစားနေပါတယ်။ ဖမ်းလို့တော့ မမိသေးပါ။ ရွှေဆွဲကြိုးတစ်ပင် ပါသွားပါတယ်။ ကာလတန်ဖိုး ၁၀ သိန်းခန့် ရှိပါတယ် " ဟု တောင်ဘဇာရဲစခန်းက စခန်းမှူး ရဲအုပ်ထွန်းနိုင်က ဆိုသည်။

ဒဏ်ရာရရှိသူနှစ်ဦးအား ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရသည်။

Author: ချလူးအောင်