
ဓါတ်ပုံ - ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာသားများ စစ်ဘေးရှောင်တိမ်းလာစဉ်
ဒီဇင်ဘာ ၁၃ ၊ ၂၀၁၈ ခုနှစ်၊ ခိုင်ရိုးလ/DMG
ဘူးသီးတောင်မြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးတိမ်းရှောင်နေကြသည့် ဒုက္ခသည် ၂၅၀ ကျော်သည် ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် နေရပ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း သိရသည်။
၎င်းစစ်ဘေးရှောင်ဒုက္ခသည် ၂၅၀ ကျော်သည် ဒီဇင်ဘာလ ၁၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့နယ် ကံပြင်ကျေးရွာမှ စည်တောင်ကျေးရွာသို့ တိမ်းရှောင်နေခဲ့ကြခြင်းဖြစ်ပြီး ယနေ့တွင် တိုက်ပွဲသံ ငြိမ်သွားပြီဖြစ်၍ မိမိကျေးရွာသို့ပြန်သွားကြခြင်းဖြစ်ကြောင်း စည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်မှ ပြောသည်။
“ စစ်ဘေးရှောင်တွေ အသီးသီး ကိုယ်အိမ်ကိုပြန်သွားကြပါပြီ။ ဒီနေ့ ၁၂ နာရီကျော်လောက်က ပြန်သွားတာပါ။ ရွာအနီးအနားတွေမှာ ပစ်ခတ်သံတွေမကြားရတော့တဲ့အတွက် တည်ငြိမ်သွားပြီဆိုတော့ ပြန်သွားတာပါ ” ဟု ပြောသည်။
ဘူးသီးတောင်မြို့နယ်တွင် တိုက်ပွဲသံမကြားရ၍ စစ်ရှောင်ဒုက္ခသည်များ နေရပ်ပြန်နေကြသော်လည်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်းတွင် တိုက်ပွဲများဆက်လက်ရှိနေသေး၍ စစ်ရှောင်ဒုက္ခသည် ၂၀၀ ကျော် ထပ်တိုး လာနေသည်။




