ချလူးအောင်၊ DMG

အောက်တိုဘာ ၂၇၊ ဘူးသီးတောင်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းမှ ပျက်စီးနေသည့် ဘုန်းတော်ကြီးကျောင်းများအား ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် အသစ်ပြန်လည်ဆောက်လုပ်နိုင်ရေးတို့အတွက် နိုင်ငံတော်အစိုးရနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့မှ ငွေကျပ်သိန်းပေါင်း တစ်ထောင်ကျော်ကို အောက်တိုဘာလ ၂၆ ရက် နေ့တွင် လှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါ အလှူငွေများအား ဘူးသီးတောင်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ဦးဆောင်ကာ သွားရောက်လှူဒါန်းနေကြောင်း ၎င်းပါတီမှသိရသည်။

“နိုင်ငံတော်အစိုးရနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့က လှူ ဒါန်းလိုက်တဲ့ငွေတွေကို သွားရောက်လှူ ဒါန်း တာဖြစ်ပါတယ်။ ကျနော်တို့ ကျေးရွာနှစ်ရွာရဲ့ ဘုန်းတော်ကြီးကျောင်းတွေကို သွားရောက်လှူ ဒါန်းခဲ့ပြီးပါပြီ။ ကျန်တဲ့ကျေးရွာတွေက ဘုန်းတော်ကြီးကျောင်းတွေကိုလည်း ဆက်ပြီးလှူဒါန်းသွားပါမယ်။”  ဟု ဘူးသီး တောင်မြို့နယ် NLD ပါတီမှ ဦးရဲသိန်းက ပြောသည်။

အစိုးရမှလှူဒါန်းငွေ သိန်းတစ်ထောင်ကျော်တွင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ပျက်စီးယိုးယွင်းမှုများ ရှိသည့် သပိတ်တော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအား သိန်း ၃၀၀၊ နနွားတူကျောက်ရံကျေးရွာ ဘုန်းတော်ကြီး ကျောင်းအား သိန်း ၂၀၀၊ ကွမ်းတောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအား သိန်း ၂၀၀၊ အင်ကြင်းမြိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအား သိန်း ၂၀၀နှင့် ဇီးဒုံကျေးရွာ ဘုန်းတော်ကြီးကျောင်းအား သိန်း ၁၈၀ ဖြင့် အသီးသီး လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

Author: ချလူးအောင်