ချလူးအောင်၊ DMG

အောက်တိုဘာလ ၃၀၊ ဘူးသီးတောင်

 

ဘူးသီးတောင်မြို့နယ်အတွင်း လျှပ်စစ်ဓါတ်အား ၂၄ နာရီဖြန့်ဝေမှုကို အောက်တိုဘာလ ၃၀ ရက် ယနေ့တွင် စတင်ဖြန့်ဝေပေးနေပြီဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

ဘူးသီးတောင်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာမှူး ကိုမိုးသူရက “ဒီနေ့ညနေက စတင်ဖြန့်ဝေပေးနေပါပြီ။ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကနေ ဆက်တိုက် လျှပ်စစ်အန္တရာယ် သတိပေးချက်တွေကို ကားနဲ့မြို့ကိုပတ်ပြီး ကြေညာပေးထားပါတယ်”  ဟု DMG သို့ ပြောသည်။

အဆိုပါ လျှပ်စစ်ဖြန့်ဝေပေးမှုကို ဘူသီးတောင်လျှပ်စစ်ဓါတ်အားခွဲစက်ရုံမှ ဘူးသီးတောင်မြို့ပေါ်ရပ်ကွက်များနှင့် မြို့နှင့် ၁၀ မိုင်ပတ်လည်အတွင်းက ကျေးရွာပေါင်း(၁၁)ရွာအား ဖြန့်ပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။

“လျှပ်စစ်မီး ၂၄ နာရီရလာတော့ ဒေသအတွက် ပိုအဆင်ပြေတာပေါ့။ ကျနော်ကဖုန်းကို အချိန်တိုင်းအသုံးပြုတော့ ဖုန်းအားသွင်းရတာ ပိုအဆင်ပြေတာပေါ့။ အိမ်မှာလည်း ထမင်းချက်တာ စာကြည့်တာကအစ ပိုအဆင်ပြေလာပါတယ်”  ဟု ဘူးသီးတောင်ဒေသခံတစ်ဦးဖြစ်သည့် ကိုမောင်သာဖြူက DMG သို့ ပြောသည်။

“အရင်တုန်းကဆိုရင် ကလေးတွေဟာ ဖယောင်းတိုင်မီးနဲ့ပဲ စာဖတ်ခဲ့ကြရသလို မိုးမှောင်တွေကျလာရင်လည်း မီးစက်နိုးပြီး စာသင်ခဲ့ရပါတယ်။ အခု လျှပ်စစ်မီးရတော့ ကလေးတွေ စာဖတ်ရတာတွေ ကျွန်ပျူတာသင်တန်း တွေဖွင့်ရင်လည်း အဆင်ပြေလာမှာဖြစ်တယ်" လို့ ဘူးသီးတောင်ဒေသခံ ကျောင်းဆရာမ ဒေါ်ခင်မာစောက ပြောသည်။

ယင်းသို့ လျှပ်စစ်ဖြန့်ဝေပေးမှုအတွက် လျှပ်စစ်မီတာများကို ကျေးလက်သုံး၊ မြို့နယ်သုံး၊ မြို့ကြီးသုံး (လုပ်ငန်းသုံး) ဟု သုံးမျိုးခွဲခြားထားပြီး မီတာခမှာ တစ်နိုင်ငံလုံးဈေးနှုန်းအတိုင်းဖြစ်ကြောင်းလည်း သိရသည်။

Author: ချလူးအောင်