
ဓာတ်ပုံ-ဖမ်းဆီးခံနေရသည့် ဦးဌေးအောင်
တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာမှ ကိုဌေးအောင် ၃၇ နှစ်အား ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများအက်ဥပဒေ ပုဒ်မ ၅ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဒီဇင်ဘာလ ၆ ရက်နေ့က ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးရွာနှင့် ထိပ်တူးပေါက်ကျေးရွာကြား မိုင်းပေါက်ကွဲမှုတွင် ကိုဌေးအောင်အားမသင်္ကာ၍ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ပြီး အဆိုပါပေါက်ကွဲမှုအတွင်း လူနှစ်ဦးအထိ သေဆုံးခဲ့သည်။
၎င်းအား ဇန်နဝါရီ ၁ ရက်နေ့မှ ၁၄ ရက်နေအထိ နှစ်ပါတ်ကြာချုပ်ရမန်ယူ၍ အမှတ်(၃)နယ်ခြားစောင့် ရဲတပ်ဖွဲ့ ခွဲတွင်စစ်ဆေးနေကြောင်း ဘူးသီးတောင်မြို့နယ် ရခိုင်အမျိုးသားပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောသည်။
“ပေါက်ကွဲစေတတ်သော အမှုလို့ပြောတယ်။ သူ့ဆီက ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေဘာတွေရရှိထားသလဲ စစ်ဆေးရမယ်။ အခုတော သူကိုနခခ(၃)မှာ ထိန်းသိန်းထားဆဲပါ။ မိသားစုနဲ့လဲ တွေ့ခွင့်မရသေးပါ ” ဟု ၎င်းက ပြောသည်။
ကိုဌေးအောင်အား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က သရက်ပြင်ကျေးရွာရှိ မိမိနေအိမ်တွင်အိပ်နေစဉ် တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယင်းနေ့တွင်ပင် မိသားစုမှ သွားရောက်တွေ့ဆုံခဲ့သော်လည်း တွေ့ခွင့်မရခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်သိန်းချေက DMG ကို ပြောဆိုထားသည်။




