ခင်သရဖီဦး။ မေလ ၁၀ ရက်၊ ၂၀၁၈ ခုနှစ်။    ။  ကချင်ပြည်နယ်အတွင်း မြန်မာစစ်တပ်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ဘဝတူ ကချင်ညီနောင်များနှင့် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်သွားမည်ဟု အမေရိကန်နိုင်ငံရှိ ရခိုင်လူမှုအဖွဲ့အစည်းမှ မေလ ၉ ရက်နေ့က သဘောထားထုတ်ပြန်သည်။

မြန်မာစစ်တပ်မှ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အား မတရားထိုးစစ်ဆင် တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲဖြစ်ရာအနီးပတ်ဝန်ကျင်တွင် နေထိုင်သောသူများမှာ အိုးအိမ်စည်းစိမ်းများကို စွန့်ခွာထွက်ပြေး နေကြရသည့်အတွက် ရခိုင်တိုင်းရင်းသားများအနေဖြင့် စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာစစ်တပ်မှ ကချင်လူမျိုးများအပါအ၀င် တိုင်းရင်းသားပြည်သူများအား ပေါ်တာဆွဲခြင်း၊ ရပ်ရွာများအားမီးရှို့ခြင်း၊ လက်နက်ကြီးများဖြင့် ရွာအတွင်းတိုက်ခိုက်ခြင်း၊ အရပ်သားများအား လူဒိုင်းကာအဖြစ် အသုံးပြုခြင်း၊ ဖမ်းဆီနှိပ်စက်သတ်ဖြတ်ခြင်းများသည် နိုင်ငံတကာ၌ ချမှတ်ထားသည့် စစ်ဖက်ဆိုင်ရာ လိုက်နာရမည့်အချက်များကို ချိုးဖောက်ရာရောက်ကြောင်းနှင့် မြန်မာစစ်တပ်များ၏ လုပ်ရပ်များကို အမေရိကန်ရခိုင်လူမှုအဖွဲ့အစည်းက ပြင်းထန်းစွာရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

ယင်းအပြင် မြန်မာစစ်တပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တောတောင်များနှင့် စစ်ပွဲအတွင်း ပိတ်မိနေသော အပြစ်မဲ့ကချင်လူမျိုးများအပါအ၀င် အခြားသောစစ်ဘေးရှောင် ဒုက္ခသည်များအား လူသားချင်းစာနာ ထောက်ထားမှုပေးပြီး ဘေးလွတ်ရာသို့ အမြန်ဆုံးလွတ်ပေးရန် အမေရိကန် ရခိုင်လူမှုအဖွဲ့အစည်းက တောင်းဆိုထားသည်။

လက်ရှိ NLD အစိုးရသည် ဒီမိုကရေစီလူအခွင့်အရေးကို အခြေခံလျှက် အမျိုးသားပြန်လည်းသင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေသည်ဟု ဆိုသော်လည်း မြန်မာစစ်တပ်မှ ထိုးစစ်ဆင်မှုနှင့် လူအခွင့်ရေးချိုးဖောက်မှုကို ရေငုံနူတ်ပိတ်နေခြင်းသည် အလိုတူအလိုပါလုပ်ဆောင်ခြင်းဟု မှတ်ယူကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NLD အစိုးရအနေဖြင့် အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီနှင့် လူအခွင့်အရေးများကို လုပ်ဆောင်လိုလျှင် ထိုးစစ်ဆင်မှုများကို ချက်ချင်းရပ်စဲရန် ပြောကြားသင့်ကြောင်းလည်း အမေရိကန်နိုင်ငံရှိ ရခိုင်လူမှုအဖွဲ့အစည်းမှ ထုတ်ပြန်တောင်းဆိုထားသည်။