(မြတန်ဆောင်းဘက ဘုန်းကြီးသင်ပညာရေးကျောင်းတွင် ပညာသင်ကြားနေကြသော ကလေးငယ်များ။ ဓါတ်ပုံ - အာရီယာန်ဖေ့စ်ဘွတ်)

ဇွန်လ ၂ ရက်၊ ၂၀၁၇ ခုနှစ်၊ မြောက်ဦး (DMG) ။   ။  ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်ရှိ မြတန်ဆောင်း (ဘက) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအား ပိတ်သိမ်းခြင်းခံရသော်လည်း ကလေးများ၏ ပညာရေအနှောက်အယှက် မဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြတန်ဆောင်း လက်ရှိ ကျောင်းထိုင်ဆရာတော် သဘာဝနဒီခေါ် အရှင်ပညာဇောတက DMG ကိုပြောဆိုသည်။

“ ဟုတ်ပါတယ်။ ဦးဇင်းတို့ကျောင်းဟာ (ဘက) ကျောင်းအဖြစ်ကနေ ပိတ်ခံရပါတယ်။ ဒါပေမယ့် ဦးဇင်းတို့ အနေနဲ့ ကလေးတွေရဲ့ ပညာရေးကိုတော့ အပျက်မခံဘူး။ ကလေးတွေအနေနဲ့ စာသင်ကြားနိုင်ဖို့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာပါ” ဟု ပြောဆိုသည်။

လက်ရှိအချိန်တွင် မြတန်းဆောင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွင်း ကလေး (၁၈၀) ကျော်ထိ ရှိနေပြီး ကလေးများ၏ ပညာရေးအတွက် မူလွန် တွဲဖက် အဖြစ်ဖန်တီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အရှင်ပညာဇောတက ပြောဆိုသည်။

“ဦးဇင်းတို့ အနေနဲ့က ခုချိန်မှာ ကျောင်းလည်းစဖွင့်ပြီဆိုတော့ အခက်အခဲဖြစ်တာပေါ့နော်။ ဒါပေမယ့် ကလေးတွေရဲ့ ပညာရေးအတွက် မူလတန်းကနေ မူလွန် (၇) တန်းထိကို တွဲဖက်ယူသင်ကြား နိုင်အောင် လုပ်ဆောင်မယ်။ (၈) တန်းကနေ (၁၀) တန်းအထိ ကလေးတွေကို အစိုးရအထက်တန်းကျောင်းမှာ ထားမယ်။ ပြီးတော့ သူတို့လေးတွေအတွက် ညပိုင်းမှာ ဦးဇင်းတို့ အနေနဲ့ စာဖတ်ချိန်တွေမှာ ကျပ်မတ်ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်” ဟုပြောဆိုသည်။

မြတန်ဆောင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ဧပြီလ ၁၀ ရက်နေ့ ရက္ခိုင့်တပ်မတော်နေ့အဖြစ် ဘောလုံးပြိုင်းပွဲ စာပေဟောပြောပွဲများ ပြုလုပ်ခဲ့ခြင်းကြောင့် ယခင်ကျောင်းထိုင်ဆရာတော် ဦးနန္ဒသာရသာရအား မတရားအသင်းနှင့် ဆက်သွယ်မှုပုဒ်မ ၁၇ (၁)၊ ၁၇ (၂) တို့ဖြင့် ကိုခိုင်နီမင်းနှင့်အတူ ဖမ်းဆီးခံရပြီးနောက်ပိုင်း ယခုကဲ့သို့ အခြေအနေမျိုးဖြင့် ရင်ဆိုင်လာရခြင်းဖြစ်သည်။

Author: သားသျှေလေး