ခင်သရဖီဦး/DMG
မတ်လ ၂၀၊စစ်တွေ
မင်းပြားမြို့နယ်၊ပန်းမြောင်းကျေးရွာတွင် မတ်လ ၁၉ ရက်၊နေ့လည် ၁ နာရီကျော်အချိန်က တပ်မတော် ပစ်ခတ် ခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး ပေါင်တွင် သေနတ်ဒဏ်ရာရရှိသွားပြီး မြောက်ဦးဆေးရုံတွင် ဆေးကုသမှုခံယူနေ ရသည်ဟု ပန်းမြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အောင်ကျော်က ပြောသည်။
ဒဏ်ရာရရှိသွားသူမှာ ဒေါ်သန်းသန်းဝင်း ဖြစ်ပြီး ကျေးရွာတွင်းသို့ ပစ်ခတ်ရာတွင် ကြောက်လန့်ပြီး ဗုံးခိုကျင်း သို့ ဝင်ပြေးစဉ် ကျည်ဆံထိမှန်သွားသည်ဟု ဦးတင်အောင်ကျော်က ဆိုသည်။
“သူကတော့ မနေ့က ရွာထဲကိုစစ်တပ်က ၀င်လာတော့ ပစ်သံကြားတာကြောင့် အဲဒီမှာ သူက ဗုံးခိုကျင်းကို ဆင်းပြေးတဲ့အခါမှာ ပေါင်းရင်းမှာ ဒဏ်ရာရရှိသွားတာပါ။ ဒဏ်ရာရတာကတော့ နေ့လည် တစ်နာရီလောက်မှာ ရတာပါ။ဒါမဲ့ အပြင်ကိုထွက်လို့မရတာကြောင့်သူဒဏ်ရာရထားတာကို ၃နာရီကျော်လောက်မှသိတယ်။သူက ပန်းမြောင်းဆေးရုံးကနေ မြောက်ဦးဆေးရုံးမှာ ဆေးကုသမှုခံယူနေတယ် ”ဟု ၎င်းကပြောသည်။
တပ်မတော်က ရွာထဲသို့ ဝင်လာစဉ် AA အဖွဲ့ဝင်များ ရှိသလား မေးမြန်းမှုများရှိခဲ့ပြီး ရွာသားများကို ရိုက်နှက်ခြင်း၊နေပူပြင်တွင် ထိုင်ခိုင်းခြင်းများပြုလုပ်ခဲ့ သည် ဟု ရွာသားများက ဆိုသည်။
“သူတို့ရောက်လာပြီး AA ကောင်တွေရှိလားလို့မေးတယ်။ ကျနော်တို့က မရှိဘူးလို့ပြန်ပြောတော့ သူတို့ကကျနော် တို့ကို အင်္ကျီချွတ်ခိုင်းတယ်။ ကျနော်ကတော့ အရိုက်ခံရတာမှာ မပါလိုက်ဘူး။ ကျန်တဲ့သူတို့ရိုက်တဲ့ လူတွေကိုရိုက်တယ် ”ဟု ပန်းမြောင်းကျေးရွာမှ ကိုဇော်သိန်းဝင်းက ပြောသည်။
ပန်းမြောင်းဒေသခံ တစ်ချို့ကို တပ်မတော်က ဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီးနောက် ပြန်လွှတ်ပေးလိုက်သည်။ သို့သော် ရွာသားလေးဦး ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံခဲ့ရသည့် ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ယမန်နေ့က ဆက်သွယ် မေး မြန်းရာတွင် “ကျနော်တို့က စီစစ်ဆဲပဲရှိသေး တယ်။ စစ်နည်းဗျူးဟာတွေနဲ့ နည်းနည်းဆက်စပ်တာကြောင့် ကျနော်တို့ပြောပိုင်ခွင့်သိပ်မရှိဘူး။ စစ်ဆေးနေတုန်း ပဲရှိသေးတယ်” ဟု ပြောကြားသည်။ယနေ့ ထပ်မံဆက်သွယ်ရာတွင် ဖုန်းပိတ်ထားသည်။
ပန်းမြောင်း တောင်တန်းများကို ဗုံးကြဲခြင်းများပြုလုပ်မှု၊စစ်ဆေးမေးမြန်းမှုများရှိသောကြောင့် ဒေသခံများမှာ ကြောက်လန့်သဖြင့် နဂရာကျေးရွာအုပ်စု ရွှေဘောင်ရွာသို့ ထွက်ပြေးသွားခဲ့ကြသည်။ထွက်ပြေးသူ စုစုပေါင်း ၁၅၀၀ ခန့်ရှိ ပြီး စားရေးသောက်ရေးအဆင်ပြေသော်လည်း နေရေးထိုင်ရေးအတွက် မပြင်ရသေးကြောင်း နဂရာကျေးရွာ အုပ်ချုပ်ရေးမှူး ထံက သိရသည်။




