
ခိုင်ရိုးလ၊ DMG
စက်တင်ဘာ ၂၉၊ မင်းပြား
မင်းပြားမြို့နယ် အိုးပျဉ်တောင်ကျေးရွာအနီးရှိ ရိုးမတောင်တန်းတစ်ဝိုက်တွင် ကျွဲကောင်ရေ အများအပြား သေဆုံးမှုဖြစ်ပွားနေကြောင်း စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင် သိရှိရသည်။
၎င်းကျွဲများသေဆုံးနေသည့်နေရာများကို ဌာနဆိုင်ရာမှတာဝန်ရှိသူများနှင့် ဒေသခံကျေးရွာသားတို့ စက်တင်ဘာလ ၂၄ ရက်နေ့တွင်သွားရောက်ခဲ့ပြီး ကျွဲအသေများကသဲလွန်စနှင့် အနီးတဝိုက်မှ ကျွဲအစားအစာများကို ယူဆောင်လာကာ ဓါတ်ခွဲခန်းသို့ပို့ဆောင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ သွားရောက်စစ်ဆေးတဲ့အခါမှာ (ကျွဲသေ)အရိုးတွေပဲတွေ့တယ်။ အဲဒီ ကျွဲအရိုးတွေ၊ အနီးနားကမြေကြီးတွေ၊ ရေ၊ သူတို့စားတဲ့အစားအစာ (ဝါး၊ မြက်) အဲဒါတွေကိုယူလာတယ်။ ပြီးတော့ ဓာတ်ခွဲခန်းကိုပို့မှာပါ၊ ဓာတ်ခွဲခန်းပို့ပြီးမှဘဲ ရောဂါရဲ့အဖြေကိုသိမှာပါ။ လောလောဆဲတော့ ရောဂါရဲ့အခြေနေကို ပြောမရသေးပါဘူး ” ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာသန်းနိုင်မှ ပြောသည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ စစ်ဆေးချက်အရ သေဆုံးခဲ့သည့် ကျွဲအကောင်ရေ စုစုပေါင်းမှာ ၄၆ ကောင်ရှိပြီဖြစ်ပြီး အိုးပျဉ်ထောင်ကျေးရွာမှ ရွာသား ၁၀ ဦးပိုင်ဆိုင်သည့် ကျွဲများဖြစ်ကြောင်း သိရသည်။
ထိုသို့ သေဆုံးသွားသည့်ကျွဲများမှ အချို့သောအကောင်များကို မီးရှိုးခဲ့ပြီး အချို့ကို ကျန်ကျွဲများတွင် ရောဂါပိုးမကူးစက်စေရန် ပိုးသတ်ဆေးဖြန်းထားခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးမှ ပြောသည်။
ယခုကဲ့သို့ ကျွဲများသေးဆုံးခဲ့ရခြင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းပြီး မိုးတွင်းကာလတွင် ရာသီဥတုကြောင့် အအေးမိကာသေဆုံးရခြင်းဖြစ်သည်ဟုယူဆရကြောင်း ပြည်နယ်ဦးစီးမှူး ဒေါက်တာသန်းနိုင်က ဆိုသည်။
“ ဒီကျွဲတွေသေဆုံးမှုဟာ ရာသီဥတုကလည်း မိုးတွင်းကာလဖြစ်တယ်။ သူတို့ တွေက ဒီအတိုင်းပစ်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတာ တွေ့ရတယ်။ ရာသီဥတု မိုးများတဲ့အတွက်ကြောင့် အအေးမိပြီးသေနိုင်တယ်လို့ အကြမ်းဖျင်းခန့်မှန်းပြောဆိုနိုင်ပါတယ်။ အရင် တုန်းကလည်း ဒီဘက်မှာ မဖြစ်ခဲ့ပါဘူး ”ဟု ၎င်းကပြောသည်။
ကျွဲများသေဆုံးနေရခြင်းအားစစ်ဆေးရန် ရန်ကုန်မြို့ အင်းစိန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းသို့ပို့ဆောင် ထားပြီး ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ခဲ့လျင် ၁၄ ရက် ခန့်မျှကြာမြင့်နိုင်ပြီး သာမန်ဘက်တီးရီးယားရောဂါဆိုလျင် ၇ ရက်အတွင်း စစ်ဆေးချက်အဖြေ ထွက်ရှိနိုင်မည်ဖြစ်ကြောင်း ပြည်နယ်ဦးစီးမှူးက ဆိုသည်။
လွန်ခဲ့သည့် ဇူလိုင်လအတွင်း တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လည်ချောင်းကွဲရောဂါ၊ ပေါင်ပုတ်လက်ပုတ်ရောဂါ ကာကွယ်ဆေးများကို ထိုးပေးခဲ့သော်လည်း ယခုကဲ့သို့ ကျွဲအမြောက်အများ သေဆုံးရခြင်းမှာ အခြားရောဂါကြောင့်ဖြစ်နိုင်သည့်အတွက် ဒေသခံများမှာ စိုးရိမ်လျက် ရှိကြသည်။




